ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ကိုဗစ်-၁၉ ကုသရေး စင်တာဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်တာကြောင့် ပိုးတွေ့အတည်ပြုလူနာတွေကို အကန့်အသတ်နဲ့ စတင်လက်ခံကုသပေးနေပြီလို့ သိရပါတယ်။
မြစ်ကြီးနားမြို့ နာယန် KBC သင်ကြားရေးသင်တန်းကျောင်းရှိ ကိုဗစ်-၁၉ စင်တာမှာ ကျန်းမာရေး၀န်ထမ်းအင်အား စုစုပေါင်း ၃၇ ဦးနဲ့ အချိန်ပြည့်၀န်ဆောင်မှုပေးကာ ကိုဗစ်လူနာ စုစုပေါင်း ၈၅ ဦးကို လက်ခံကုသပေးနေတယ်လို့ ဦးဆောင်နေတဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။
လုပ်ဆောင်နိုင်မှု အကန့်အသတ်ရှိတာကြောင့် ရောဂါအလွန်ပြင်းထန်တဲ့ လူနာတွေအနေနဲ့တော့ မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံမှာသာ သွားရောက် ကုသဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းတွေ၊ ရန်ပုံငွေထောက်ပံ့တဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲကာ ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ် ကုသနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားဆောင်ရွက်နေသလို အခုကုသရေးစင်တာကိုလည်း ပြည်သူအားလုံးအတွက် ရည်ရွယ်လုပ်ဆောင်တာလို့ တာ၀န်ရှိသူက ပြောပါတယ်။