Home
မြန်မာသတင်း
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်
DVB
·
July 24, 2024

အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးနောက်  ပြန်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့  ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာပြီလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မိသားစုနဲ့ နီးစပ်သူတဦးက “ဟုတ်ပါတယ်။ ဆရာကြီး အိမ်မှာ ပြန်ရောက်နေပါပြီ။ ဇူလိုင် ၂၂ မှာ မနက် ၁၁ ခွဲမှာ ပြန်လွတ်လာတာပါ။ အထက်အမိန့်နဲ့ ပြန်လွှတ်ပေးတာလို့ပဲ သိရပါတယ်"လို့ ပြောပါတယ်။

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်က မန္တလေးလေဆိပ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) စတဲ့ ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုကာ ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်မှာ ထောင်ဒဏ် ၆ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ မြစ်ကြီးနား အကျဉ်းထောင်မှာ တနှစ်ကျော်ထောင်ကျခံခဲ့ပြီးနောက် အခုနှစ် ဧပြီ ၁၇ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်က ပြန်လွတ်လာခဲ့ပါတယ်။

ဒါပေမဲ့ သူနေအိမ်မှာ ပြန်ရောက်လာချိန်  စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး  လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး မြစ်ကြီးနား အကျဉ်းထောင်ထဲက ဧည့်ရိပ်သာမှာ ၃ လကြာ ထိန်းသိမ်းထားခဲ့ရာက အခုမှ ပြန်လွတ်လာတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013