ဖမ်းဆီးခံထားရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုဇော်ဝင်းမောင်ကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက် ညက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ ညသပိတ်လုပ်ဖို့ လူစုနေချိန် စစ်တပ်က ကိုဇော်ဝင်းမောင်ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး သူ့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ရော ဆိုင်ကယ်လိုင်စင်မရှိတာကို ပို့ကုန်သွင်းကုန်း ဥပဒေနဲ့ပါ အမှုဖွင့်အရေးယူထားတာလို့ နီးစပ်သူတွေထံက သိရပါတယ်။
"ကိုဇော်ဝင်းမောင်ကို ပုဒ်မ ၂ ခုနဲ့ အရေးယူထားတယ်။ ဆိုင်ကယ် လိုင်စင်မရှိတာကိုပါ ထည့်အရေးယူထားတာ။ ဒီဘက်က လူတွေအကုန်လုံးနီးပါး ဆိုင်ကယ်လိုင်စင် မရှိဘူး။ နံပါတ်ပြားမတပ်ဘူး။ ဒါသက်သက် အမြင်ကပ်လို့ ပုဒ်မထပ်တိုးတာလို့ မြင်တယ်''လို့ ဒေသခံ ကပြောပါတယ်။
အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင်ဟာ အရင်က အန်အယ်လ်ဒီ ပါတီရဲ့ သတင်းပြန်ကြားရေး တာဝန်ခံလုပ်ခဲ့ဖူးတာကြောင့် ခုလို အမှု ၂ ခုနဲ့ တရားစွဲတာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဖားကန့်မြို့မှာ အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင် အပြင် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးလည်း ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။