သိန္နီမြို့မှာ အကြမ်းဖက်စစ်ကောင်စီက ဖိအားပေးဖွင့်လှစ်မယ့် အခြေခံပညာကျောင်းတွေမှာ မေ ၂၄ ရက်မနက်ပိုင်းက ကျောင်းအပ်နှံသူ အနည်းငယ်ပဲရှိတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ဖွင့်လှစ်မယ့်ကျောင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းအားလုံးပိတ်ဆို့ လုံခြုံရေးယူထားပြီး ဒီကနေ့ကစတင်ပြီး ကျောင်းအပ်လက်ခံနေပေမယ့် ကျောင်းအပ်နှံသူ အနည်းငယ်ပဲ ရှိပါတယ်။
“ကျောင်းဆရာ ဆရာမတွေဟာ အရပ်ဝတ်နဲ့ ကျောင်းသား ကျောင်းသူတွေကို လက်ခံနေတယ်။ တချိုမြို့တွေမှာ ကျောင်းတွေမဖွင့်နိုင်တာ ဒီမြို့တစ်မြို့တည်းဖွင့်လို့ မဖြစ်နိုင်ဘူး။ မိဘတွေကလည်း ကလေးတွေ လုံခြုံရေး စိတ်မချလို့ မအပ်ကြတာလည်းပါတယ်” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
သိန္နီမြို့ဟာ စစ်ကောင်စီအခြေစိုက်တပ်တွေ ဝိုင်းရံထားတဲ့ မြို့ဖြစ်သလို CDM မှာပါဝင်တဲ့ ပညာရေးဝန်ထမ်းဦးရေ ၇၀ နီးပါရှိပြီး စစ်ကောင်စီရဲ့ စောင့်ကြည့်ဖိအားပေးမှုတွေ ရှိသလို ကျောင်းသားကျောင်းသူတွေရဲ့ လုံခြုံရေးအတွက် စိတ်ပူတယ်လို့ မြို့ခံတွေက ပြောပါတယ်။