Home
မြန်မာသတင်း
သိန္နီမြို့ထဲ လက်နက်ကြီးကျ၊ ဈေးဆိုင်ခန်းနှင့် နေအိမ်များ မီးလောင်ပျက်စီး 
DVB
·
December 11, 2023
thein 11122023

 

တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာ ဒီဇင်ဘာ ၁၀ ရက်ညက ရပ်ကွက် ၁ (ဈေးတန်းရပ်)ထဲ လက်နက်ကြီးကျတာကြောင့် လမ်းမကြီးဘေးက ဈေးဆိုင်ခန်းတွေရော၊ နေအိမ်နဲ့တွဲပြီး ဖွင့်ထားတဲ့ အိမ်တွေပါ မီးလောင်ပြာကျသွားပါတယ်။ 

မနေ့ည ၁၀ နာရီကျော်လောက်မှာ လေယာဉ်ပျံသံကြားပြီး ည ၁၀ နာရီခွဲလောက် မြို့ထဲမှာ မီးလောင်မှုဖြစ်ပွားကြောင်း၊ သိန္နီလမ်းမကြီးပေါ်ရှိ အိပ်ပန်းလက်ဖက်ရည်ဆိုင်ကစ မြောက်ဘက် ပန်းကမ္ဘာကုန်စုံဆိုင်ထိ နေအိမ်နဲ့ ဆိုင်ခန်းပေါင်း ၁၀ ကျော် မီးထဲပါသွားတယ်လို့ သိန္နီဒေသခံ ၁ ဦးက ပြောပါတယ်။ 

“ကျမတို့က စစ်ဘေးရှောင်နေတော့ မြို့ထဲကျန်ခဲ့သူက ဖုန်းဆက်လာလို့သိရတာပါ။ စစ်တပ်က လေယာဉ်နဲ့ လာပစ်တာလို့လည်း ပြောတယ်။ ည ၁၀ နာရီခွဲလောက်ကနေစပြီး တညလုံးလောင်တာ၊ မီးသတ်ကားလည်းမရှိဘူး၊ ပရဟိအဖွဲ့တွေပဲ တတ်နိုင်သလောက် ငြိမ်းကူကြတယ်။ မနက် ၆ နာရီကျမှ မီးညွန့်ကျိုးတယ်၊ အိမ်‌ရော ဆိုင်ခန်းရော ၁၀ ကျော် ပါသွားတယ်၊ အများစုက အပေါ် ထပ်မှာ လူနေပြီး အောက်ထပ်မှာ ဆိုင်ဖွင့်ထားကြတာလေ။ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိဘူး။”

သိန္နီမြို့မှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်နေတာ ၁ လခွဲလောက်ရှိပြီဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်က ၁၀၂၇ အော်ပရေးရှင်းကြေညာပြီးနောက် သိန္နီမြို့အရှေ့ဘက် နဲ့  အရှေ့ မြောက်ဘက်တိုးဂိတ်၊ စစ်ကောင်စီစစ်ဆေးရေးဂိတ်၊ ရဲကင်းတွေ၊ သိန္နီမြို့မရဲစခန်း၊ မီးသတ်ရုံး၊ မြို့နယ်ထွေအုပ်ရုံးတွေကို သိမ်းပိုက်ထားပါတယ်။ 

မြောက်ပိုင်းမဟာမိတ် အထူးသဖြင့် ကိုးကန့်တပ်ဖွဲ့တွေဟာ သိန္နီမြို့ထဲမှာ ဝင်ရောက်နေရာယူပြီး သိန္နီမြို့ အနောက်တောင်ဘက်ရှိ စစ်ကောင်စီရဲ့ စကခ ၁၆ ဌာနချုပ်အပါအဝင် လားရှိုး-သိန္နီ ကားလမ်းဘေးရှိ စစ်ကောင်စီတပ်စခန်းတွေ ဆက်လက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ 

စစ်ကောင်စီဘက်က လေယာဉ်နဲ့လာကူတိုက်တဲ့အခါ ဒေသခံရဲ့ နေအိမ်တွေထဲ လက်နက်ကြီးကျ ပြီး  အရပ်သားတွေပါ သေဆုံးဒဏ်ရာရခဲ့ကြပါတယ်။

အထူးသဖြင့် ကောင်းဟော်ရပ်ကွက်၊ ဟိုတာ့ရပ်ကွက်၊ ခူးဝိန်းကျေးရွာ၊ တိုင်ယက်ကျေးရွာ၊ မိုင်းပါးကျေးရွာတွေမှာ နေအိမ်တွေ ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေရှိကြောင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရတာကြောင့်  ထိခိုက်ဆုံးရှုံးမှုစာရင်း အတိအကျမရဘဲ ကောင်းဟော် ရပ်ကွက်မှာ အမျိုးသား ၁ ဦး၊ မိုင်းပါးရွာမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ သိန္နီဒေသခံက ပြောပါတယ်။ 

အောက်တိုဘာ ၂၇ က စတင်တဲ့ တိုက်ပွဲတွေကြောင့် သိန္နီမြို့တွင်းနဲ့ အနီးနားတဝိုက်ကျေးရွာက ပြည်သူ ၆၀၀၀ ကျော် ဘေးလွတ်ရာဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013