Home
မြန်မာသတင်း
သိန္နီတွင် တိုက်ပွဲဆက်ဖြစ်ပြီး မြို့ခံအချို့ ထိခိုက်သေဆုံး၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး 
နန်းမြနဒီ
·
November 2, 2023
Hota Village war victims_02112023
Sal U Kone war victims_02112023

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့တွင်းနဲ့ အနီးနားတဝိုက်ကျေးရွာတွေမှာ အောက်တိုဘာ ၂၇ ရက်ကစ ဒီကနေ့ (နိုဝင်ဘာ ၂ ရက်) ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ရပ်ကွက်နဲ့ ကျေးရွာထဲ လက်နက်ကြီးကျကာ ဘုန်းကြီးကျောင်းနဲ့  လူနေအိမ်တွေ ပျက်စီးရသလို ထိခိုက် သေဆုံးသူတွေလည်း ရှိပါတယ်။ 

ဒီမနက်စောစော ၂ နာရီခွဲလောက်က ဘယ်ဘက်ကပစ်လိုက်မှန်းမသိတဲ့ လက်နက်ကျည်ဟာ သိန္နီမြို့ပေါ်ရှိ သိန္နီရွှေရတုဗိမ္မာန်ကျောင်းကို ထိမှန်ပြီး အုတ်နံရံတွေ ပျက်စီးကုန်တယ်လို့  သံဃာတစ်ပါးက မိန့်ပါတယ်။ 

အဆိုပါဗိမ္မာန်ကျောင်းအနီးက မြို့လယ်ကျောင်းတိုက်မှာလည်း စစ်ဘေးရှောင်ပြည်သူ ၇၀၀ လောက် ခိုလှုံနေတာ ဖြစ်ပါတယ်။

တချိန်တည်းလိုပဲ မနက် ၃ နာရီလောက်က သိန္နီမြို့အရှေ့ဘက်ရှိ စယ်အူကျေးရွာမှာ လက်နက်ကြီး ကျည်ကျတဲ့အတွက် နေအိမ် ၃ လုံးထက်မနည်း ပျက်စီးသွားခဲ့သလို စယ်အူ၊ ဝမ်ကောင်းနဲ့ နမ့်စလပ် စတဲ့ရွာက ပြည်သူတွေ သိန္နီမြို့နယ် ဟိုမိန်းကျောင်းနဲ့ ကွန်ကောက် ကျောင်းတိုက်တွေမှာ လာရောက်ခိုလှုံနေကြပါတယ်။ 

သိန္နီမြို့  နမ္မတူချောင်းတောင်ဘက်က ကောင်းဟော်ရပ်ကွက်ထဲမှာလည်း လက်နက်ကြီးကျည် ထပ်ကျလို့ နေအိမ် ၁ လုံး မီးလောင်သွားကြောင်း၊ အဲဒီရပ်ကွက်မှာ အောက်တိုဘာ ၂၈ ရက်က လက်နက်ကြီးကျလို့ နေအိမ် ၂ လုံးပျက်စီးပြီး ကလေး ၁ ယောက် ထိခိုက်ဒဏ်ရာရကာ လူ ကြီး ၁ ယောက် သေဆုံးခဲ့သေးတယ်လို့ သိန္နီမြို့ခံတစ်ဦးက ပြောပါတယ်။

မနေ့ နေ့ခင်းပိုင်းမှာ သိန္နီမြို့နယ် မီးသတ်တပ်ဖွဲ့ရုံး အပစ်ခံရလို့ မီးလောင်ပျက်စီးသွားပြီး အမှတ် ၃ ရပ်ကွက်၊ ကွတ်ခိုင်လမ်းခွဲရှိ နေအိမ်တအိမ်လည်း လက်နက်ကြီးကျကာ အိမ်ပြင်မှာ ထမင်းထွက်စားနေတဲ့ အသက် ၆၀ ရွယ် ဒေါ်နန်းစောနဲ့ သမီးဖြစ်သူ နန်းလင်း (အသက် ၃၀ ကျော်)တို့ နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားပါတယ်။

မြို့ထဲမှာ ပစ်ခတ်နေတာကြောင့်  နာရေးကို ခါတိုင်းလို ဓလေ့ထုံးစံအတိုင်းမလုပ်နိုင်ဘဲ လူမှုကူညီရေးအသင်း အကူအညီနဲ့  သုသာန်မှာ ချက်ချင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

မနေ့က နမ္မတူတံတားအနီး ဟိုတာရွာမှာ လက်နက်ကြီးကျလို့ နေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ တိုင်ယက်ဘုန်းကြီးကျောင်းထဲကို လက်နက်ကျည်ကျလာလို့  စစ်ဘေးရှောင် ၁၀၀ ကျော် မန်နောင်ကျောင်းတိုက်ကို တိမ်းရှောင်ရပြန်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

သိန္နီမြို့ထဲနေ ပြည်သူတွေလည်း ဒီကနေ့ထိ အိမ်ထဲမှာ ပိတ်မိနေကြဆဲဖြစ်ပြီး တချို့အိမ်က သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေ ကုန်လုနီးပါးဖြစ်နေကာ ကုန်ဈေးနှုန်းလည်း အဆမတန် တက်နေတယ်လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

“ကျမတို့ဆီမှာ အိမ်တွင်းပုန်းနေရတာ ဒီကနေ့ပါဆိုရင် ၈ ရက်ရှိသွားပြီ။ ဝယ်ခြမ်းသိုလှောင်ထားတဲ့ စားစရာတွေလည်း ကုန်ခါနီးပြီး၊ ဒီလို ရေရှည်ဖြစ်နေရင်တော့ ဘယ်လို ဆက်နေရမလဲဆိုတာ မစဉ်းစားတတ်တော့ဘူး။ ကုန်ဈေးနှုန်းတွေလည်း အဆမတန် ခုန်တက်တယ်၊  ဆန် ၁ အိတ်ကို အရင်က ၉၅၀၀၀၊ အခု ၂၀၀၀၀၀ ကျော်၊   ကြက်ဥ အရင်က ၁ ကတ်ကို ၇၅၀၀ အခု ၁၅၀၀၀ ၊ ကြက်သွန်နီ အရင်က ၁ ပိဿာ ၂၀၀၀ အခု ၈၀၀၀ ဒါတောင် ဈေးဖွင့်သံကြားတာနဲ့ အပြေးအလွှားသွားဝယ်ရတာ၊ သေနတ်သံကြားရင် ပြန်ပိတ်၊ ဓာတ်ဆီဆိုင်လည်း ခဏပဲဖွင့်တယ်၊  ၁ ယောက်ကို ၁၀၀၀၀ ဖိုးပဲ ခွဲတမ်းနဲ့ ရောင်းတယ်။ လမ်းတွေ ပိတ်နေတော့ ဆီသည်ကားတွေ လာလို့မရလို့ ဒီတခေါက်ကုန်သွားရင် ဆက်ရောင်းစရာမရှိတော့ဘူးလို့ ပြောတယ်။” 

သိန္နီမြို့ထဲမှာ ပိတ်မိနေကြသလို သိန္နီမြို့ပေါ်နဲ့ အနီးနားတဝိုက် ဘုန်းကြီးကျောင်း အနည်းဆုံး ၁၀ ကျောင်းကျော်မှာလည်း စစ်ဘေးရှောင်တွေ ပြည့်နှက်နေကြောင်း၊ သိန္နီစစ်ရှောင်ဦးရေ ၁၀၀၀၀ ကျော်သွားပြီဖြစ်ပြီး စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ မလောက်မင ဖြစ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူက ပြောပါတယ်။

ဓာတ်ပုံ - စယ်အူရွာနှင့် ဟိုတာကျေးရွာတွင် လက်နက်ကြီးကျ၍ ပျက်စီးသွားသော နေအိမ်များ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013