Home
မြန်မာသတင်း
အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်လာပါက ပြည်သူများ ခုခံပိုင်ခွင့်ရှိဟု CRPH ထုတ်ပြန်
DVB
·
March 14, 2021
CRPH-1
CRPH 01

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီနဲ့ လက်ပါးစေတွေက ပြည်သူတွေကို အကြမ်းဖက်ပါက မည်သူမဆို ဥပဒေအရ ခုခံတုံ့ပြန်ပါက ပြစ်မှုမမြောက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ လက်ပါးစေတွေက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်၊ နေအိမ်တွေထဲကို အဓမ္မဝင်ရောက် လုယက်ဖျက်ဆီးမှုတွေ နေ့စဉ်ကျူးလွန်နေပြီး ပြည်သူတွေရဲ့ မွေးရာပါ လူအခွင့်အရေးများဖြစ်တဲ့ အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်လုံခြုံစွာ ရှင်သန်ရပ်တည်ပိုင်ခွင့်တို့ကို ကာကွယ်ပေးဖို့အတွက် အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တရားမဝင် အာဏာသိမ်း စစ်ကောင်စီကဖြစ်စေ၊ ပြည်သူ့ဝန်ထမ်း နိုင်ငံဝန်ထမ်းမဟုတ်တော့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများက ဖြစ်စေ၊ သူတို့ရဲ့ လက်ပါးစေ ဒါမှမဟုတ် သူတို့အကျိုးလိုလားသူများကဖြစ်စေ ပြည်သူများအား အကြမ်းဖက်မှု တစုံတရာ ပြုလုပ်ပါက တည်ဆဲပြစ်မှုဆိုင်ရာ ဥပဒေပါ ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာ ပြဌာန်းချက်တွေအရ ပြည်သူတွေအနေနဲ့ မိမိအတွက် ဒါမှမဟုတ် တခြားသူအတွက် ဥပဒေနဲ့အညီ ကာကွယ်ခုခံပိုင်ခွင့် အပြည့်အဝရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မွေးရာပါ လူသားအခွင့်အရေးအရ မိမိတို့ရဲ့ အသက်ရှင်သန်ခွင့်ကို ကာကွယ်ရမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ပုဂ္ဂိုလ်တဦးချင်းဖြစ်စေ၊ ရပ်ကွက်ကျေးရွာ အစုအဖွဲ့လိုက်ဖြစ်စေ၊ နေရာဒေသအလိုက် မြို့နယ်အလိုက်ဖြစ်စေ မည်သူမဆို ဥပဒေနဲ့အညီ ကာကွယ်ခုခံပိုင်ခွင့်အရ တုံ့ပြန်ဆောင်ရွက်မှုမှန်သမျှ ပြစ်မှုမမြောက်ကြောင်း ဖော်ပြထားပါတယ်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က သတ်မှတ်ကြေညာထားပြီး ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013