Home
မြန်မာသတင်း
ဖက်ဒရယ်ဒီမိုကရေစီရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့် ကချင်အာဇာနည်သူရဲကောင်းများကို CRPH ဂုဏ်ပြု 
DVB
·
February 6, 2024
KIA

ဖက်ဒရယ်ဒီမိုကရေစီရရှိရေး စွန့်လွှတ်စွန့်စား၊ ပေးဆပ် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတဲ့ ကချင် အာဇာနည်သူရဲကောင်း ခေါင်းဆောင်ကြီးတွေနဲ့တကွ  နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ ကချင်အာဇာနည်သူရဲကောင်းအပေါင်းတို့ကို လေးစားဦးညွှတ်ဂုဏ်ပြုတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက  ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့မှာကျရောက်တဲ့  ၆၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောထားတာ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/ KIA) ဦးဆောင်တဲ့ ကချင်တိုင်းရင်းသားတွေဟာ တန်းတူညီမျှရေး၊ တရားမျှတမှုရရှိရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရရှိရေးတို့အတွက် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မတရားဖိနှိပ်အုပ်ချုပ်မှုတွေကို လက်နက်ကိုင် စတင်တော်လှန်ခဲ့ကြပြီး ကချင်လူမျိုးတွေရဲ့ အလေးအမြတ်ထားရာ ကချင်တော်လှန်ရေးနေ့ အဖြစ် ဂုဏ်ပြုသတ်မှတ် ကျင်းပခဲ့ကြတာဟာ ဒီနေ့အချိန်မှာ ၆၃ နှစ် ပြည့်မြောက်ခဲ့ပြီလို့ ဆိုပါတယ်။

နှစ်ကာလကြာရှည်ပြီဖြစ်ပေမဲ့ ကချင်တိုင်းရင်းသားတို့ရဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ရဲစွမ်းသတ္တိတို့ဟာ ပိုမိုရှင်သန်တက်ကြွနေဆဲဖြစ်ပြီး စစ်အာဏာရှင် ခေတ်အဆက်ဆက် ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြရုံမက ဒီနေ့ နွေဦးတော်လှန်ရေးမှာလည်း ဘုံရည်မှန်းချက်ပန်းတိုင်ဆီကို တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ အတူလက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက် လေးစားဂုဏ်ယူရတယ်လို့လည်း ဆိုပါတယ်။

ကချင်တိုင်းရင်းသားတွေ၊ ကချင်တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ အားလုံးနဲ့အတူ ရဲဘော် ရဲဘက်တွေအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပြီး ပြည်သူလူထုတရပ်လုံးရဲ့ တော်လှန်ရေးရည်မှန်းချက်တွေ အမြန်ဆုံး အောင်မြင်ပါစေကြောင်းကိုလည်း ဆန္ဒပြုထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေရေးနဲ့ တိုင်းရင်းသားပြည်သူတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နိုင်ရေးတို့အတွက် တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ အတူတကွ ဆက်လက်ကြိုးပမ်းတိုက်ပွဲ၀င်သွားမယ်လို့လည်း ကတိသစ္စာ ပြုကြောင်း ဆိုပါတယ်။

ရခိုင်၊ ကိုးကန့်နဲ့ တအာင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း သဝဏ်လွှာပေးပို့ထားပြီး ဗမာလူမျိုးကြီးဝါဒကို ဗမာလူမျိုးတွေတောင် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ အချိန်ကာလကိုရောက်နေပြီး ဖက်ဆစ်အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို တော်လှန်ကြတဲ့ ကာလမှာ ဒီတကြိမ်ဟာ တော်လှန်ရေးအရှိန်အမြင့်ဆုံးနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအတွက် မျှော်လင့်ချက်အရှိဆုံး ကာလဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ ကချင်ပြည်သူလူထုတရပ်လုံး လိုလား‌တဲ့ နိုင်ငံရေး ရည်မှန်းချက်၊ KIO/KIA ရည်မှန်းထားတဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အမြန်ဆုံး ပြည့်ဝပါစေကြောင်း လေးလေးနက်နက် ဆုတောင်းပေးတယ်လို့လည်း ဆိုပါတယ်။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း စစ်ကောင်စီကို တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေအကြား အမြင်သဘောထားတွေ သဘောတူညီမှု မရရှိထားနိုင်၊ အချင်းချင်းကြား ပြဿနာတွေ ပေါ်ပေါက်လာနိုင်တာကို သတိထားကြဖို့လိုပြီး ဆွေးနွေးညှိနှိုင်း သဘောတူညီမှု ရရှိထားကြဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ဒီနေ့ မိန့်ခွန်းမှာပြောကြောင်း ကချင်ဒေသတွင်း သတင်းဌာနဖြစ်တဲ့ Kachin Waves မှာ ဖော်ပြထားပါတယ်။

ကေအိုင်အိုဟာ စစ်ကောင်စီကို အတူတကွ တော်လှန်တိုက်ခိုက်နေတဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့အပြင် တခြားတော်လှန်ရေးအဖွဲ့တွေနဲ့လည်း လိုအပ်လာရင် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013