Home
မြန်မာသတင်း
ကိုဗစ်ကာလ တောင်ငူခရိုင်တွင် ပန်းမုန်လာအထွက်နည်းပြီး ဈေးကောင်းရ 
DVB
·
January 8, 2021
136207256_3806731206108972_2547311636320742047_n
စစ်တောင်းမြစ်ကမ်းပါး‌ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နဲ့ တောင်ငူမြို့နယ် တဝိုက် စိုက်ပျိုးလေ့ရှိကြတဲ့ ဒေသထွက် ပန်းမုန်လာဟာ ကိုဗစ်ကာလ စိုက်ပျိုးလုပ်ကိုင်သူ နည်းပါးပြီး အထွက်နှုန်း လျော့နည်းပေမဲ့ ဈေးကောင်းရနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ “ဈေးကွက်အနေအထား  ကြည့်ကြတာလည်းပါသလို အရင်းနှီးကြီးတာတစ်ကြောင်းပေါ့။ ဒါပေမဲ့ ဒီနှစ်မှာ ပန်းမုန်လာက အထွက်နည်းပေမယ့် ကုန်စိမ်းဈေးကောင်းလို့ သိပ်တော့မ ထောင်းပါဘူး” လို့ ပန်းမုန်လာစိုက် တောင်သူ တစ်ဦးက ပြောပြပါတယ်။ ‌ဒေသထွက် ပန်းမုန်လာတွေဟာ တောင်ငူမြို့နယ်ကုန်စိမ်းစျေးကွက်သို့ နှစ်စဉ် ဒီဇင်ဘာလ တတိယပတ်မှစတင်ပြီးဝင်ရောက်လေ့ရှိပြီး ပန်းမုန်လာပွင့်(အရွယ်အစား)လှပါက  တစ်ပွင့်ကို ကျပ် ၃ဝဝ လောက်ရလို့ မနှစ်ကထက် ဈေးပိုရတယ်လို့ တောင်ငူမြို့ ညောင်ပင်ဈေးက ကုန်စိမ်းပွဲရုံပိုင်ရှင် ဒေါ်သဲသဲက ပြောပါတယ်။ စစ်တောင်းမြစ်မကြီးနဲ့ ခပေါင်းချောင်းမြစ်လက်တက်က  ကမ်းပါးတွေမှာ  စိုက်ပျိုးလေ့ ရှိတဲ့ ဆောင်းရာသီ သီးနှံ ပန်းမုန်လာတွေဟာ  ရှမ်းပြည်နယ်က ထွက်တဲ့ ပန်းမုန်လာ‌လောက်  လူကြိုက် မများပေမယ့် ဈေးနူန်းသက်သာလို့ ပုံမှန်ဆို အဝေးမြို့ရွာတွေကို ပို့ရလေ့ရှိပါတယ်။ အရင်နှစ်ရာသီက စျေးကောင်း မရလို့တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီး အခုနှစ် ကိုဗစ်ကာလ စိုက်ပျိုးသူနည်းပါးတာကြောင့် အထွက်လျော့နည်းပြီးဈေးကောင်းရတာ ဖြစ်တယ်လို့ ဒေသခံ စိုက်ပျိုးတောင်သူတွေနဲ့ ကုန်စိမ်းပွဲရုံပိုင်ရှင်တွေက ပြောပါတယ်။ တောင်ငူမြို့နယ်  ညောင်ပင်စျေး ကုန်စိမ်းစျေးကွက်သို့ နှစ်စဉ် ဒီဇင်ဘာလနောက်ဆုံး ပတ် လောက်မှာ စတင် ဝင်ရောက်လေ့ရှိတဲ့ ပန်းမုန်လာဈေးနှုန်းဟာ မနှစ်က အပွင့်တစ်ရာပါ တစ်ခြင်းကို ကျပ် ၂၀,၀၀၀ လောက်ရပြီး အခုနှစ်တော့  ကျပ် ၃ဝ,ဝဝဝ နီးပါးရရှိပါတယ်။ စစ်တောင်းမြစ်နဲ့ ခ‌ပေါင်းချောင်းကမ်းပါးကျေးရွာတချို့မှာနှစ်စဉ် စက်တင်ဘာလဆန်းပိုင်းမှာ ပန်းမုန်လာက စတင်စိုက်ပျိုးပြီး ဒီဇင်ဘာတတိယပတ်လောက်မှာ ထွက်‌လေ့ရှိပါတယ်။ ဆေးဖိုး၊ မျိုးဖိုးနဲ့ လုပ်အားခ‌ ပေါင်းမယ်ဆိုပါက တစ်ဧက ကျပ် ၃၅၀,၀၀၀ လောက်သာ  ကုန်ကျပေမဲ့  တစ်ဧက  ပန်းပွင့်ရေ ၅၀၀၀ လောက်ထွက်မယ်ဆိုရင် တောင်သူတွေအတွက် အဆင်ပြေတယ်လို့ သိရပါတယ်။ သတင်း - ရဲထွဋ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013