ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကယားပြုံးချောင်းရှိ စစ်ရှောင်တွေ အရေးပေါ် အခြေခံစားနပ်ရိက္ခာ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေဆီက သိရပါတယ်။
ကယားပြုံးချောင်းမှာ စစ်ရှောင်အိမ်ခြေ ၁၂၀ ခန့်ရှိပြီး နိုဝင်ဘာလမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ နှစ်ဖက်တိုက်ခိုက်မှုတွေကြောင့် ရွာသားတွေ စစ်ရှောင်နေရတာ ဖြစ်ပါတယ်။
ဒေသခံတဦးက “လုံလောက်မှုဆိုတာတော့ ဘယ်ရှိမလဲ။ နေဖို့တော့ ယာယီအဆင်ပြေပါတယ်။ ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့၊ အိုးခွက်ပန်းကန်၊ ခြင်ထောင်တို့ ဘာတို့ နည်းနည်းပါးပါး ထောက်ပံ့ပေးတာ ရတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေတယ်” လို့ ပြောပါတယ်။
ရာသီဥတုအေးလာကာ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် အနွေးထည်နဲ့ စောင်တွေလည်း လိုအပ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်း ပါဝင်ခဲ့ပါတယ်။