Home
မြန်မာသတင်း
ပြည်တွင်းဖြစ် ဇီဝ‌ဇိုးငှက်သိုက်များ ဈေးကောင်းရ
DVB
·
January 31, 2023
328116852_1341475719985017_9001629424992754007_n

မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွေနဲ့ ကျွန်းစု‌တွေပေါ်မှာ သဘာဝသယံဇာတအနေနဲ့ တွေ့ရှိရတဲ့ ဇီဝဇိုးငှက်သိုက်တွေကနေ နိုင်ငံခြားငွေတန်ဖိုး မြင့်တက်လာတာနဲ့အတူ လက်ရှိမှာ ဈေးကောင်းရရှိနေတယ်လို့ မြိတ်ဒေသ ငှက်သိုက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

မြိတ်ဒေသထွက် ငှက်သိုက်တွေက ကုန်ကြမ်းအနေနဲ့ တပိဿာကို ကျပ် ၂၈ သိန်းကနေ သိန်း ၃၀ ကြားအထိ ပေါက်ဈေးရှိ‌နေပြီး ကုန်ချောတပိဿာကို သိန်း ၄၀ ကနေ ၄၅ သိန်းထိ ရရှိနေတာဖြစ်ကာ တနိုင်တပိုင် စီးပွားဖြစ် ငှက်သိုက်လုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့ တလကို တပိဿာနဲ့အထက် ငှက်သိုက်ထွက်ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် မတိုင်ခင်က ငှက်သိုက်ဈေးနှုန်း တပိဿာကို ကျပ် ၁၈ သိန်းကနေ သိန်း ၂၀ ကြားသာ ရရှိခဲ့ပေမဲ့ ကိုဗစ်ဖြစ်ပွားချိန်ကစပြီး သက်ကြီးရွယ်အို၊ လူမမာတွေနဲ့ ကလေးငယ်တွေအတွက် အများဆုံး ဝယ်ယူသောက်သုံးနေလို့ ဝယ်လိုအားတိုးလာတဲ့အပြင် ‌လက်ရှိမှာလည်း ကျပ်ငွေတန်ဖိုး ကျဆင်းနေတဲ့အတွက် အခုလို ဈေးနှုန်းမြင့်တက်လာတာလို့ ငှက်သိုက်ရောင်းချသူတဦးက ပြောပါတယ်။

“အဓိကကတော့ ဒေါ်‌လာဈေးကြောင့်ပေါ့၊ မြန်မာငွေ‌တန်ဖိုး ကျတာကြောင့်လည်း ဈေးက တက်တာပါ။ ပြည်တွင်းမှာဆိုရင်တော့ ပြင်ဦးလွင်ဘက်က အများဆုံးဝယ်တယ်။ ပြည်ပဆိုရင်တော့ တရုတ်ကို အများဆုံးတင်ပို့ရပါတယ်။”

တနင်္သာရီတိုင်းထဲမှာလည်း ဇီဝဇိုးငှက်သိုက် တနိုင်တပိုင် စီးပွားဖြစ်မွေးမြူတာတွေ အရင်ကထက် များလာတဲ့အတွက် ငှက်သိုက်ဈေးနှုန်းကို အတည်တကျ သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းမျိုး ရှိစေချင်ပြီး လက်ရှိဈေးကွက်ထဲမှာတော့ ပုံသေသတ်မှတ်ထားတာ မရှိတဲ့အတွက် ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း ရှိနိုင်တယ်လို့ ငှက်သိုက်အရောင်းအဝယ် ပြုလုပ်နေသူတဦးက ပြောပါတယ်။

ငှက်သိုက်ဟာ အာဟာရတန်ဖိုးအနေနဲ့ ပရိုတင်း ၅၀ ရာခိုင်နှုန်း၊ ကာဗွန်ဟိုက်ဒရိတ် ၃၅ ရာခိုင်နှုန်း ကယ်လ်ဆီယံ၊ ဖော့စ်ဖရတ်၊ သံဓာတ်နဲ့ အိုင်အိုဒင်းတို့ ပါဝင်တဲ့အပြင် အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတမျိုးလည်းဖြစ်ကာ အားအင်ကုန်ခန်းနေသူတွေ၊ သက်ကြီးရွယ်အိုနဲ့ နာတာရှည်လူမမာတွေအတွက် ဓာတ်စာအနေနဲ့ စားသုံးကြတယ်လို့ သိရပြီး ဆေးဘက်ဝင် ရှားပါးတဲ့အတွက် ပြည်တွင်းနဲ့ ပြည်ပနိုင်ငံ‌တွေကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ဇီဝဇိုးငှက်သိုက်တွေကို မြန်မာနိုင်ငံ တနင်္သာရီတိုင်းအတွင်းရှိ ငှက်သိုက်ကျွန်း ၃၂ ကျွန်း၊ ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းတွေ၊ မြိတ်ကျွန်းစု၊ ရခိုင်ကမ်းရိုးတန်းဒေသနဲ့ ပုသိမ်မြို့ အနောက်တောင်ဘက်မှာရှိတဲ့ ကျွန်းတွေမှာလည်း တွေ့ရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013