Home
အနုပညာ
မိုရီဆာကီဝင်း၏ Acoustic Live ဂီတဖျော်ဖြေပွဲ ကျပ် ၅၀၀၀ ဖြင့် အွန်လိုင်းမှ ကြည့်ရှုနိုင်(ရုပ်သံ)
DVB
·
December 2, 2020
MoriSarKi Win Live
နှုတ်ခမ်းနီမလေးတို့ အသည်းစွဲအဆိုတော် မိုရီဆာကီဝင်း ဖျော်ဖြေမယ့် Acoustic Live ဂီတဖျော်ဖြေပွဲကို အွန်လိုင်းကနေ Live Streaming အနေနဲ့ လာမယ့် ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။ “ကျနော်ချစ်ရသော ပရိသတ်များအတွက် အထူး Online Live Stream ပွဲလေးကို စီစဉ်ထားပါတယ်။ ဒီပွဲလေးကတော့ မြန်မာပြည်က ပရိသတ်များအတွက် ပထမဆုံးအ ကြိမ် Online Live Stream ပွဲလေး ဖြစ်မှာပါ။ ဒီပွဲလေးမှာ ချစ်ပရိသတ်တွေ ပျော်ရွှင်၊ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အစီအစဉ်တွေနဲ့အတူ၊ အထူးလက်ဆောင်လေးတွေလည်း ပေးသွားမှာနော်” အဝင်း လို့ ချစ်စနိုးနာမည်နဲ့ မြန်မာပရိသတ်တွေကြား ထင်ရှားတဲ့ မိုရီဆာကီဝင်းကတော့ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်ကာ ဂျေပေါ့ပ်တေးဂီတအဖွဲ့ PrizmaX အဖွဲ့ဝင် တယောက်လည်း ဖြစ်ပါတယ်။ အသက် ၁၀ နှစ်အရွယ်လောက်ကတည်းက ဂျပန်နိုင်ငံကို မိဘတွေနဲ့ ပြောင်းရွှေ့နေထိုင်ခဲ့သူ အဝင်းဟာ ၁၄ နှစ်သားအရွယ် အလယ်တန်းကျောင်းသားဘဝမှာကတည်းက စတင်ကာ Stardust Entertainment က ရွေးချယ်ခံခဲ့ရပြီး ဖျော်ဖြေရေးအနုပညာ လှုပ်ရှားမှုတွေထဲ ပါဝင်လာခဲ့သူပါ။ အဲဒီနောက် သီချင်းတွေဆိုသလို သရုပ်ဆောင်တာတွေလည်း လုပ်နေတဲ့ မိုရီဆာ ကီဝင်းဟာ ဝါရင့်ဒါရိုက်တာ Steven Spielberg ရိုက်ကူးထားတဲ့ ဟောလိဝုဒ်နာမည်ကြီး ရုပ်ရှင်ကားတကားဖြစ်တဲ့ ‘Ready Player One’ ရုပ်ရှင်ထဲမှာလည်း ပါဝင်ခဲ့ပြီး ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ ဂျပန်-မြန်မာချစ်ကြည်ရေး ‘ဇာတိမြေ’ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ကာ ပရိသတ်တွေ ချစ်ခင်အားပေးမှုတွေ ရရှိထားသူတယောက် ဖြစ်ပါတယ်။ ခုလတ်တလောမှာတော့ မြန်မာပြည်က ပရိသတ်တွေအတွက် သူ ပါဝင်ဖျော်ဖြေမယ့် ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၂ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီမှာ Streaming Live Show အနေနဲ့ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကြည့်ရှုလိုတဲ့ ပရိသတ်တွေအနေနဲ့ အွန်လိုင်းလက်မှတ်တွေကိုတော့ မြန်မာငွေ ကျပ် ၅,၀၀၀ နဲ့ ဖော်ပြပါလင့်ခ်-https://www.messenger.com/t/chelmo.tips ကတဆင့် ဒီဇင်ဘာ ၁ ရက်က စတင်ကာ ၁၈ ရက်နေ့အထိ ဝယ်ယူနိုင်ကြောင်း ကြေညာထားခဲ့ ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013