Home
Data Story
၂၀၂၀ ရွေးကောက်ပွဲ နှင့် ရခိုင်ပြည်နယ်
DVB
·
November 6, 2020
Photo 2
Photo 1
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့မှာ "လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည် မဟုတ်ကြောင်း" ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ (၁၆) ရက်နှင့် (၂၇)ရက်များက ကြေညာချက် စုစုပေါင်း (၉)စောင် ထုတ်ပြန်ခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကြေညာချက်များအရ ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲ နောက်ဆက်တွဲ အခြေအနေတွေကို တင်ပြလိုက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ကြေညာချက်များအရ ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အနက် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စတဲ့ (၉)မြို့နယ်မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲမကျင်းပနိုင်ပါဘူး။ ကျောက်ဖြူ၊ အမ်း၊ စစ်တွေနှင့် တောင်ကုတ် စသည့် မြို့နယ်ပေါင်း (၄) ခုမှ ရပ်ကွက် (၁၅) ခုနဲ့ ကျေးရွာအုပ်စုပေါင်း (၁၃၀) မှာလည်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့အတွက် ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ ၇၅ရာခိုင်နှုန်းကျော်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တာဖြစ်ပါတယ်။ မဲဆန္ဒရှင်ပေါင်း ၁၆သိန်းကျော်ရှိရာကနေ လေးသိန်းကျော်ခန့်သာ မဲပေးနိုင်တော့မှာဖြစ်ပါတယ်။ လွှတ်တော်မဲဆန္ဒနယ်များအနေနဲ့ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ မဲဆန္ဒနယ် (၆၄) ခုရှိတဲ့အနက် ပြည်သူ့လွှတ်တော် (၉) နေရာ၊ အမျိုးသားလွှတ်တော် (၇) နေရာနဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ နေရာ (၂၀)၊ စုစုပေါင်း (၃၆) နေရာမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့အတွက် ကိုယ်စားလှယ်များ လစ်လပ်သွားမှာလည်းဖြစ်ပါတယ်။ အဲဒီ မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီများမှ ကိုယ်စားလှယ်လောင်းများနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁၇၅ ဦးလည်း ပါဝင်ယှဥ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။
ကျန်ရှိတဲ့ ရခိုင် (၈) မြို့နယ်မှ မဲဆန္ဒနယ် (၂၈) ခုက မဲရုံပေါင်း (၇၈၄) ရုံမှာ နိုင်ငံရေးပါတီ (၁၁)ပါတီနှင့်တစ်သီးပုဂ္ဂလ (၂၁)ဦးအပါအဝင် စုစုပေါင်းကိုယ်စားလှယ်လောင်း (၁၅၄) ဦး ဝင်ပြိုင်မှာဖြစ်ပါတယ်။ ဒီထဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း၂၂ ဦး ပါဝင်ပါတယ်။ ဒီ (၁၅၄)ယောက်ထဲမှာ အောက်တိုဘာလ(၁၄)ရက်နေ့က အေအေ အဖွဲ့မှ ဖမ်းဆီးခြင်းထားခြင်းခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကိုယ်စားလှယ်လောင်း (၃) ဦးလည်းပါနေပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်မှာ ချင်းလူမျိုးရေးရာ တိုင်းရင်းသားဝန်ကြီးတစ်ဦးအပါအဝင် ရွေးကောက်ခံကိုယ်စားလှယ် ၃၅ယောက်၊ တပ်မတော်သားကိုယ်စားလှယ် ၁၂ယောက်၊ စုစုပေါင်း (၄၇) ယောက် ရှိပါတယ်။ ရွေးကောက်ပွဲမကျင်းပနိုင်လို့ လစ်လပ်မဲ့ နေရာ (၂၀ ) ရှိတာကြောင့် ၂၀၂၀အထွေထွေရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်ခွင့်ရတဲ့ ကိုယ်စားလှယ် ၁၅ ယောက်သာ လွှတ်တော်မှာရှိနေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်သားကိုယ်စားလှယ် ၁၂ ဦးပါဝင်မှုဟာ လျော့မသွားဘူးဆိုရင် တပ်ကိုယ်စားလှယ်ပါဝင်မှုအချိုးဟာ ၂၅ရာခိုင်နှုန်းကနေ ၄၅ရာခိုင်နှုန်းသို့ ပြောင်းလဲသွားနိုင်ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး ကိုယ်စားလှယ်လောင်းပေါင်း ၃၅၈ ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီက မဲဆန္ဒနယ် အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ၄၄နေရာမှာအနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ ၁၄ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၅ နေရာ နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်မှ ၁ နေရာ အသီးသီး အနိုင်ရရှိခဲ့ပါတယ်။ ကိုးကားချက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တို့၏ ထုတ်ပြန်ကြေငြာချက်များ၊   By DVB Data Team

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013