Home
မြန်မာသတင်း
မြောင်းမြတွင် စာသားဖျက်ပြန်ဆိုထားသော "ဒေါက်ဖိနပ်လျှောက်သံ"သီချင်းဖွင့်သည့် ကြံ့ခိုင်ရေးပါတီ၀င် ၂ ဦး တရားစွဲခံရ
DVB
·
November 5, 2020
123508826_983049258846084_7295864155421893605_o
ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးကို စာသားများဖျက်ကာ ပြန်လည်သီဆိုထား‌တဲ့"ဒေါက်ဖိနပ်လျှောက်သံ" သီချင်းဖွင့်မှုနဲ့ အန်အယ်လ်ဒီ ​အောင်နိုင်​​ရေးအဖွဲ့၀င်တစ်ဦးက မြောင်းမြမြို့နယ်တရားရုံးမှာ တရားစွဲဆိုဖို့   နိုဝင်ဘာ ၄ ရက်နေ့က ဦးတိုက်လျှောက်​ထားခဲ့ပါတယ်။ ထင်းပုံ‌ကျေးစုကျေးရွာမှာ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ကြံ့ခိုင်ရေး ပါတီဝင်တွေဖြစ်တဲ့ ဦးသက်နိုင်ဌေးနဲ့ အဒေါ်ဖြစ်သူ ဒေါ်၀င်း၀င်းမာတို့က နေအိမ်ရှေ့မှာ ဆောင်းဘောက်ချကာ စာသားများဖျက်ကာပြန်လည်သီဆိုထား‌တဲ့ ​NLD ပါတီ​အောင်နိုင်ရေးသီချင်းကို ဖွင့်ခဲ့လို အခုလို တရားစွဲတာ ဖြစ်တယ်လို့ သိရပါတယ်။ "ပါတီရဲ့ ​အောင်နိုင်ရေးသီချင်းကို ဖျက်ဆိုထားတဲ့ သီချင်းဖွင့်တာဟာ ပါတီကိုစော်ကားသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါတယ်။ အဲ့တာကြောင့်အခုလို တရားစွဲဆိုဖို့ လုပ်ဆောင်ရတာပါ"လို့ မြောင်းမြမြို့နယ် အန်အယ်လ်ဒီ ပါတီ မြို့နယ်အောင်နိုင်ရေးအဖွဲ့၀င် စရွှေဝါထွန်း က​ ပြောပါတယ်။ စာသားဖျက်ကာ သီဆိုထားတဲ့ ဒေါက်ဖိနပ်လျှောက်သံ သီချင်းဖွင့်လှစ်နေတာကို ဖုန်းနဲ့ မှတ်တမ်းရိုက်ခဲ့သူ  အန်အယ်လ်ဒီ ပါတီရပ်‌/ကျေးအောင်နိုင်ရေးအဖွဲ့၀င် မမေဇင်ဖြိုးကိုလည်း ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မြောင်းမြမြို့ခံ အန်အယ်လ်ဒီပါတီဝင်တွေကတော့ ခုလို စားသားဖျက်ဆိုထားတဲ့ သီချင်းဖွင့်တာဟာ ပါတီကို စော်ကားသလို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုလည်း စော်ကား သလိုဖြစ်တာကြောင့် နောက်လည်းခုလိုဖွင့်ရင် တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အလားတူ မန္တလေးတိုင်း​ဒေသကြီး၊ နွားထိုးကြီးမြို့နယ်မှာလည်း အောက်တိုဘာ ၂၅ ရက်နေ့က ဒေါက်ဖိနပ်လျှောက်​သံသီချင်းစာသားဖျက်ကာ ပြန်လည်သီဆိုလှည့်လည်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ ၀န်းရံသူတွေကိုလည်း ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း- မင်းထက်မုန်း  ဓာတ်​ပုံ-ဘိုဘို(မြောင်းမြ)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013