ကနီမြို့နယ်အတွင်း ရေတိုက်စားသည့် ကျေးရွာများကို ပီနံအိတ်ခွံ ၁၀၀၀ စီ ပေးအပ်
DVB
·
August 29, 2020
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ရေ တိုက်စားမှုကနေ ယာယီကာကွယ်နိုင်ဖို့ ကမ်းပြိုကျေးရွာတွေမှာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက အထောက်အပံ့နဲ့ ပီနံအိတ်ခွံတွေ လိုက်လံပေးအပ်နေပါတယ်။
မြစ်ရေတိုက်စားတဲ့ကျေးရွာ တစ်ရွာကို ပီနံအိတ်ခွံ ၁၀၀၀ နှုန်းနဲ့ ကျေးရွာပေါင်း ၁၂ ရွာနဲ့ ရပ်ကွက် ၂ ရပ်ကွက်ကို ပေးအပ်သွားမှာဖြစ်ပြီး ၂၈ ရက်နေ့အထိ ကျေးရွာ ၆ ရွာ ပေးအပ်ထားပြီးပြီလို့ ကနီမြို့နယ် ဘေးအန္တာရယ်စီမံခံခွဲမှု ဒုဦးစီး ဒေါ်အေးအေးအောင်က ပြောကြားပါတယ်။
လောလောဆယ်အနေနဲ့ အဆင်ပြေပေမယ့် ရေရှည်အမာခံတည်ဆောင်ပေးနိုင်ရင် ပိုကောင်းတယ်လို့ ကနီမြို့နယ် ချိုင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းထိုက်ကလည်း ပြောပါတယ်။
လတ်တလောမှာ တာရိုးဘောင်တွေ မဆောက်လုပ်နိုင်သေးတဲ့အတွက် ပီနံအိတ်တွေထဲကို သဲထည့်ပြီး ယာယီတာရိုးဘောင်လိုမျိုး ကမ်းနံရံတွေကို ကာသွားမယ်လို့ သိရပါတယ်။
ကျော်မင်းသန့်