စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာသုံးရွာကို စစ်ကောင်စီက မတ် ၁၈ ရက် ည ၁၁ နာရီခွဲက စတင်ကာ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ လေယာဉ်ဟာ ကနီမြို့နယ် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
အုမ္မရွာနေ ပြည်သူတဦးက “ကနဦး ကင်းထောက်လေယာဉ်လာတယ်။ အဲလိုနဲ့ ခဏနေပြီးတော့ ကျမတို့ အုမ္မရွာ မြစ်ကမ်းဘေးတွေကို ဗုံးသီးသုံးလုံး ချတယ်။ အိမ်တလုံး အမိုးပေါက်ထွက်တာ ရှိတယ်။ လူထိခိုက်တာ မရှိခဲ့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အုမ္မရွာအနီးက တောင်ကိုးလုံးရွာကိုလည်း ပစ်ခတ်သွားသေးတယ်လို့ သိရပါတယ်။
“ကျနော်တို့ရွာကိုတော့ ညပိုင်း ၁ နာရီကျော်အချိန်မှာ ဗုံးနှစ်လုံးချတယ်။ အိမ်လေးလုံး မီးလောင်ပြီး အိမ်နှစ်လုံး ပျက်စီးတယ်။ လူတွေကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ရွာထဲမနေကြဘဲ ထွက်ပြေးနေကြလို့ အထိအခိုက်တော့ မရှိခဲ့ဘူး” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
တောင်ကိုးလုံးရွာကို စစ်ကောင်စီက မတ် ၅ ရက် နေ့ခင်းပိုင်းကလည်း အခုလို လေယာဉ်နဲ့ ပစ်ခတ်လို့ အိမ်လေးလုံး ပျက်စီးပြီး နွားတကောင်သေဆုံးကာ လယ်ယာသုံး စက်ကိရိယာတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နတ်ကြီးရွာဒေသခံ အမျိုးသမီးတဦးက “ကျမတို့ နတ်ကြီးလည်း မနေ့ည ၂ နာရီက လေယာဉ်နဲ့လာပစ်တယ်။ ပစ်တာက ရွာတောင်ပိုင်းကိုပစ်တာ၊ အိမ်တလုံးပျက်စီးတယ်။ လူကတော့ ထိခိုက်တာမရှိခဲ့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက ကနီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ကျေးရွာတွေကို လေကြောင်းကနေ အကြိမ်ကြိမ် ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ကျေးရွာတွေအတွင်း မနေထိုင်ရဲဘဲ နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။