Mask ချုပ်ပြိုင်ပွဲ ပထမဆုရသူကို တိုကျို မြန်မာသံရုံးတွင် ဆုချီးမြှင့်
ဇော်ဇော်လှိုင်
·
August 16, 2020
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်မှုအတွက်ရည်ရွယ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ် ကျင်းပခဲ့တဲ့ နှာခေါင်းစည်း Mask ချုပ် ပြိုင်ပွဲမှာ တီထွင်ဖန်တီးမှုအကောင်းဆုံး ပထမဆု ရရှိခဲ့တဲ့ ဦးမျိုးစန်းဦး (myo gyi)ကို တိုကျိုမြို့ရှိ မြန်မာသံရုံးမှာ ဩဂုတ် ၁၅ ရက်က ဆုတံဆိပ်နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် ချီးမြှင့်လိုက်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူက ဆုပေးအပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်တဲ့ အခမ်းအနားကို တိုကျိုမြို့မြန်မာသံရုံးမှ သံမှူးကြီး ဒေါ်စန္ဒာတင်၊ ပထမအတွင်းဝန် ဦးအောင်စိုးမိုးနဲ့ မြန်မာသံရုံးမှ ဝန်ထမ်းတွေနဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတချို့လည်း တက်ရောက်ခဲ့ပါပါတယ်။
ဆုရရှိသူ ကိုမျိုးစန်းဦးက အခုလို ကိုဗစ်ကာလမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သံအမတ်ကြီး ဦးမြင့်သူကိုယ်တိုင် ဆုချီးမြှင့်ပေးလို့ အထူး၀မ်းမြောက်ကျေးဇူးတင်ကြောင်း ပြောပါတယ်။
ဒါ့အပြင် သူ massage ပေးလိုတဲ့ သံမဏိလိပ်ပြာ စိတ်ဓာတ်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာ ကြံ့ကြံ့ခံနေနိုင်တာ တွေ့ရလို့ ပီတိဖြစ်ရပါတယ်လို့လည်း ကိုမျိုးစန်းဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အွန်လိုင်းကနေ ဖိတ်ခေါ် ကျင်းပတဲ့ Mask ချုပ်ပြိုင်ပွဲမှာ တီထွင်ဖန်တီးမှုအကောင်းဆုံးဆုအဖြစ် သံမဏိလိပ်ပြာအမည်နဲ့ တင်စားပြီး ထူးထူးခြားခြား Mask ချုပ်လုပ်ပြိုင်ပွဲဝင်ခဲ့တဲ့ ပြိုင်ပွဲဝင် မျိုးကြီးအကောင့်က ပထမ၊ ငြိမ်းချမ်းရေးသင်္ကေတ သံလွင်ခက် ကိုက်ချီထားတဲ့ ချိုးငှက်ပုံ Mask နဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ ချမ်းမြေ့ကိုအကောင့်က ဒုတိယနဲ့ ချောစုအကောင့်က တတိယဆုတွေ အသီးသီး ရရှိသွားကြတာပါ။