Home
Data Story
ကိုဗစ်လှိုင်းနှင့် ရန်ကုန်တိုင်း (ပိုးကင်းစင် ရက်ပေါင်း ၉၀)
DVB
·
August 15, 2020
title img
one thit
9june (1)
9june
page-1
page-2
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း ကူးစက်မှု အများဆုံး ဖြစ်ပွားသည်မှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အတည်ပြုလူနာပေါင်း (၃၇၄)ဦး ရှိသည့်အနက် (၇၁)ရာခိုင်နှုန်းကျော်မှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ကာ (၂၆၇) ဦး ရှိပါသည်။
အစုလိုက် ကူးစက်မှု များပြားခဲ့သည့် ရန်ကုန်တိုင်းအတွင်း အခုချိန်မှာတော့ ပြည်တွင်းကူးစက်ခံ လူနာများ ထပ်မံမတွေ့ရတော့သည်မှာ မေလ(၁၈)ရက်မှ ယနေ့ သြဂုတ်လ (၁၅) ရက်နေ့အထိ ရက်ပေါင်း (၉၀) ဆက်တိုက်ရှိပြီ ဖြစ်သည်။ ရန်ကုန်တိုင်းမှ ရောဂါဖြစ်ပွားသူ (၂၆၇) ဦးတွင် အမျိုးသား (၁၆၀) ဦးနှင့် အမျိုးသမီး (၁၀၇)ဦး ရှိပါသည်။ ရောဂါကူးစက်ခံရသူများအနက် (၅)ဦးမှာ သေဆုံးခဲ့ပြီး သေဆုံးသူအားလုံးမှာ အသက် (၆၀) နှစ်အထက် မူလရောဂါအခံရှိသူများဖြစ်သည်။ ထိုအထဲမှ တစ်ဦးမှာ သေဆုံးပြီးမှ ရောဂါကူးစက်ခံရသူဖြစ်ကြောင်း ဓာတ်ခွဲအတည်ပြုနိုင်ခဲ့သည်။ ရောဂါဖြစ်သူအများစုက အသက်(၂၀-၂၉)နှစ်ကြားအရွယ်များ ဖြစ်ကြသည်။ အသက်အငယ်ဆုံးလူနာမှာ (၁နှစ်၆လ) ဖြစ်ပြီး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းပြီးဖြစ်သည်။ အသက်အကြီးဆုံးလူနာ (၈၅)နှစ်အရွယ်ဖြစ်ပြီး (၂)ဦးရှိသည်။ တစ်ဦးမှာ ကင်ဆာရောဂါအခံကြောင့် ကွယ်လွန်ပြီးဖြစ်ပြီး၊ နောက်တစ်ဦးမှာ ဆေးရုံဆင်းပြီးဖြစ်သည်။ ရန်ကုန်တိုင်းအတွင်းရှိလူနာများ၏ ၈၂% (၂၂၀ ဦး) မှာ ရောဂါပျောက်ကင်းပြီ ဖြစ်သည်။ လက်ရှိ ဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူလျက်ရှိသော လူနာ (၄၂)ဦး ရှိပြီး တောင်ဥက္ကလာပဆေးရုံကြီးတွင် (၁၉)ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၂၃)ဦး ဖြစ်ပါသည်။ နောက်ထပ် (၆)ဦးမှာ ပိုးကင်းစင်သွားသော်လည်း ဆေးရုံမဆင်းရသေးပဲ စောင့်ကြပ်ကုသမှုခံလျက်ရှိသဖြင့် ဆေးရုံများပေါ်တွင် (၄၈) ဦး ရှိနေပါတယ်၊
ရန်ကုန်တိုင်းဒေသကြီးထဲမှာ ခရိုင် (၄)ခု၊ မြို့နယ်ပေါင်း (၄၅) မြို့နယ်ရှိပြီး (၂၉) မြို့နယ်မှာ ရောဂါပိုးကူးစက်သူများ တွေ့ရှိရသည်။ အင်းစိန်မြို့နယ်မှာ (၅၂) ဦးနဲ့ ပိုးတွေ့ရှိမှု အများဆုံးဖြစ်ခဲ့သည်။ ယခုအခါ (၁၈)မြို့နယ်မှာ ရောဂါပိုးကင်းစင်ပြီး ဖြစ်သည်။ ရောဂါကင်းစင်မြို့နယ် (၁၈)ခုမှာ သင်္ဃန်းကျွန်း၊ သာကေတ၊ တာမွေ၊ တောင်ဥက္ကလာပ၊ ရွှေပြည်သာ၊ စမ်းချောင်း၊ ပုဇွန်တောင်၊ ပန်းဘဲတန်း၊ မြောက်ဥက္ကလာပ၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တန်း၊ မှော်ဘီ၊ လှိုင်သာယာ၊ ဒေါပုံ၊ အရှေ့ဒဂုံ၊ တွံတေး၊ မရမ်းကုန်းနှင့် အလုံမြို့နယ်များ ဖြစ်ကြသည်။ ကုသဆဲလူနာရှိသည့် မြို့နယ် (၁၁)ခုမှာ လှိုင် (၁၄ ဦး) ၊ ကမာရွတ် (၉ ဦး)၊ ဗိုလ်တထောင် (၄ ဦး)၊ မြောက်ဒဂုံ (၃ ဦး)၊ မင်္ဂလာဒုံ (၃ ဦး)၊ ကျောက်တံတား (၃ ဦး)၊ လှည်းကူး (၂ ဦး)၊ တောင်ဒဂုံ၊ အင်းစိန်၊ ဒဂုံ နှင့် ဗဟန်း တို့တွင် တစ်ဦးစီတို့ဖြစ်ကြသည်။ ရန်ကုန်တိုင်းအတွင်းမှာ ပြည်တွင်းမှ ကူးစက်သူပေါင်း (၁၃၄) ဦး (၅၀.၂ %)နှင့် ပြည်ပကူးစက်ခံ လူနာပေါင်း (၁၃၃)ဦး (၄၉ .၈ %) ရှိသည်။ ရန်ကုန်တိုင်းအတွင်း နောက်ဆုံးတွေ့ရှိခဲ့သည့် ပြည်တွင်းကူးစက်လူနာမှာ လူနာအမှတ် (၁၈၃) မရမ်းကုန်းမြို့နယ်မှ (၅၇)နှစ်အရွယ်အမျိုးသားဖြစ်ပြီး ယခုအခါ ရောဂါပျောက်ကင်းပြီးဖြစ်သည်။ ၎င်း လူနာအမှတ် (၁၈၃) အပါအဝင် ခရီးသွားရာဇဝင်မရှိ၊ ရောဂါဖြစ်ပွားသူနှင့်ထိတွေ့မှု မတွေ့ရှိပဲ ရောဂါကူးစက်ခံရသူ (၁၂)ဦး ရှိပါသည်။ လက်ရှိ ဆေးရုံများမှာ ကုသဆဲလူနာများ အားလုံးသည် ပြည်ပမှ ပြန်လာသူများဖြစ်ပါသည်။ ရန်ကုန်တိုင်းအတွင်း နေရပ်ပြန် မြန်မာများထဲမှရောဂါပိုးတွေ့ရှိ (၁၃၃)ဦးမှာ နိုင်ငံတကာလေကြောင်းလိုင်းများ မပိတ်ခင် commercial flight နှင့် ပြန်ဝင်လာသူ (၁၁)ဦး၊ နယ်စပ်များမှ ပြန်ဝင်လာသူ (၉) ဦး၊ Relief Flight ကယ်ဆယ်ရေးလေယာဉ်များနှင့် ပြန်လာသူ နေရပ်ပြန်မြန်မာ (၁၁၃) ဦးတို့ ဖြစ်ကြပါသည်။ အိန္ဒိယ၊ ဆူဒန်၊ ယူအေအီး၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ယူကေ၊ ဖိလစ်ပိုင်၊ ကာတာ၊ အီတလီ၊ ဂျပန်၊ တရုတ်၊ လာအို၊ မလေးရှား၊ စင်္ကာပူနှင့် အမေရိကန်နိုင်ငံများမှ ပြန်လာသူများ မှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းထဲမှ ပြည်ပကူးစက်ခံရသူများရဲ့ (၄၆%) သည် ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးတတိယနိုင်ငံ အိန္ဒိယမှ ပြန်လာသူများဖြစ်ပြီး တပ်မတော်သား အရာရှိ၊စစ်သည် (၁၆)ဦးအပါအဝင် (၆၁)ဦးရှိပါသည်။ ဇန်နဝါရီလ ၃၁ရက်မှ သြဂုတ်လ (၁၃)ရက်ထိ စာရင်းများအရ မြန်မာတစ်နိုင်ငံလုံး၏ စောင့်ကြည့်လူနာ တစ်ဝက်နီးမှာ ရန်ကုန်တိုင်းတွင်ဖြစ်ပြီး ၃,၅၀၀ ကျော် ရှိသည်။ Facility Quarantineသတ်မှတ်နေရာ (၆၆)နေရာ တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူများ (၄,၀၃၉) ယောက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် အများဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက်မှုကို မတ်လ ၂၃ရက်နေ့တွင် စတင်တွေ့ရှိခဲ့ပြီး ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ထိ ရောဂါပိုးတွေ့ရှိသူလူနာပေါင်း (၃၇၄) ဦးရှိသည်။ ရောဂါဖြစ်ပွားသူ၏ (၈၆) ရာခိုင်နှုန်း (၃၂၂) ဦးမှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ပဲ ပျောက်ကင်းပြီး ဖြစ်ကာ ၎င်းတို့ထဲမှ (၃၁၄) ဦးမှာ ဆေးရုံက ဆင်းပြီးဖြစ်သည်။ လက်ရှိအချိန်ထိ ကိုဗစ်နိုင်တင်း ကုသဆဲလူနာပေါင်း (၄၆) ဦးနှင့် သေဆုံးသူပေါင်း (၆)ဦးရှိသည်။ ရန်ကုန်တိုင်းအတွင်း ပြည်တွင်းကူးစက်ခံ လူနာများ ထပ်မံမတွေ့ရတော့သည်မှာ ယနေ့ သြဂုတ်(၁၅)ဆိုလျှင် ရက်ပေါင်း(၉၀) ဆက်တိုက် ရှိနေပြီဖြစ်သော်လည်း ကူးစက်ကပ်ရောဂါ ဒုတိယလှိုင်းသည်ကြီးနိုင်ပြီး တိုင်းပြည်၏ဖွံ့ဖြိုး တိုးတက်မှုကို ရိုက်ခတ်နိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့တွင် သတိပေးချက် သတင်းထုတ်ပြန်ထားပါသည်။ ယခုအချိန်ကာလ၌ ပြည်သူများသည် COVID-19 ကူးစက်မှု ဒုတိယလှိုင်း လာနိုင်သည်ဟူသောခံယူချက်ဖြင့် နေထိုင်သွားလာမှုမှစ၍ သတိနှင့် နေကြရမည်ဟု အသိပေးထားပါသည်။ By DVB Data Team

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013