Homeမြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကိုဗစ်-၁၉ ကြောင့် အာဇာနည်နေ့အခမ်းအနားကို ပုသိမ်မြို့ တမြို့တည်း၌ ကျင်းပမည်
ဧရာဝတီတိုင်းတွင် ကိုဗစ်-၁၉ ကြောင့် အာဇာနည်နေ့အခမ်းအနားကို ပုသိမ်မြို့ တမြို့တည်း၌ ကျင်းပမည်
DVB
·
July 2, 2020
ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင် ၁၉ ရက်နေ့ ကျရောက်မယ့် ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဧရာဝတီတိုင်း မြို့နယ်အသီးသီးမှာ မပြုလုပ်တော့ဘဲ ပုသိမ်မြို့မှာသာ ကျင်းပမယ်လို့ တိုင်း စည်ပင်ဝန်ကြီးက ပြောပါတယ်။
“ဒီလိုမျိုး တိုင်းဒေသကြီးတွေမှာ ကျင်းပပြီးတော့မှ မြို့နယ်တွေမှာတော့ ကျင်းပခွင့်မပြုတော့ပါဘူး။ ဒါကတော့ ဗဟိုကော်မတီ လမ်းညွန်ချက်ပါ” လို့ ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
ခရိုင်မြို့တွေက အာဇာနည်နေ့အခမ်းအနားကျင်းပပြီး ဆွမ်းကပ်တာ၊ လွမ်းသူ ပန်းခွေချ အလေးပြုတာ ပြုလုပ်မယ်ဆိုပါက တိုင်းအစိုးရအဖွဲ့ကို တင်ပြရမှာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန လမ်းညွန်ချက်တွေနဲ့ ကိုက်ညီအောင် စီမံဆောင်ရွက်ပြီးမှ ကျင်းပခွင့်ပြုမယ်လို့ အာဇာနည်နေ့အခမ်းအနား ကျင်းပနိုင်ရေး တိုင်းအစိုးရအဖွဲ့ရဲ့ ဇူလိုင် ၁ ရက်နေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
“နိုင်ငံတော်အဆင့်မှာဆို ၃၆ ဦးအလေးပြုမယ်။ ကျနော်တို့တိုင်းမှာလည်း လူဦးရေကိုလျှော့ချပြီးတော့ Social distancing အညီ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာနေရာတွေ သတ်မှတ်ပြီး အလေးပြုပွဲအခမ်းအနားကို ကျင်းပသွားမှာဖြစ်ပါတယ်” လို့ စည်ပင်ဝန်ကြီးဦးကျော်မြင့်က ပြောပါတယ်။
ပြည်သူတွေ အလေးပြုတဲ့နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေခြားပြီး နေရာယူရန်ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ပြီး မီဒီယာတွေကိုလည်း လူဦးရေ ကန့်သတ်သွားမယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ အာဇာနည်နေ့ ပုသိမ်မြို့တော်ခန်းမမှာ သံဃာတော် ၁၁ ပါးကို ပင့်ဖိတ်ဆွမ်းဆပ်ကပ်ခဲ့ပေမဲ့ ၇၃ ကြိမ်မြောက်အာဇာနည်နေ့မှာတော့ သံဃာတော် ၅ ပါးကိုသာ ပင့်ဖိတ်ဆွမ်းဆပ်ကပ်မယ်လို့ ဝန်ကြီးက ပြောပါတယ်။