Home
မြန်မာသတင်း
ဂျပန် Kirin ဘီယာကုမ္ပဏီက ဦးပိုင်ကို နာမည်ကြီးကုမ္ပဏီဖြင့် စာရင်းစစ်ခိုင်းမည်
ဇော်ဇော်လှိုင်
·
June 7, 2020
Japan Kirin check out Oo Paing Company
ဂျပန်နိုင်ငံက ထိပ်တန်း ဘီယာကုမ္ပဏီတခုဖြစ်တဲ့ Kirin Holdings ကုမ္ပဏီက မြန်မာနိုင်ငံမှာ ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကုမ္ပဏီအား နာမည်ကြီးစာရင်းစစ် ကုမ္ပဏီ Deloitte ကို ငှားရမ်းပြီး စာရင်းစစ်ခိုင်းသွားမယ်လို့ ကုမ္ပဏီ အင်တာနက်စာမျက်မှာ ဖော်ပြထားပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ကုမ္ပဏီကို လိုအပ်တဲ့ ဘဏ္ဍာရေးနဲ့ စီမံခန့်ခွဲမှု အသေးစိတ် အချက်အလက်တွေထုတ်ဖော်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ လက်ခံရရှိခြင်း မရှိတာကြောင့် စိတ်မကောင်းစွာ အခုလို စီစဉ်ရတာလို့ ကုမ္ပဏီဥက္ကဋ္ဌ Mr.Yoshinori Isozaki က ရေးသားထားပါတယ်။ ကုမ္ပဏီအနေနဲ့ Deloitte ရဲ့  စုံစမ်းစစ်ဆေးချက်တွေကို အသိပေး ဖော်ပြသွားမှာဖြစ်ပြီး စွပ်စွဲချက်တွေကို မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံအတွင်းက စီးပွားရေးဗျူဟာကို ပြန်လည်သုံးသပ်ရမယ်လို့လည်း  Kirin Holdings က အသိပေးထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတဲ့ မြန်မာစစ်တပ်ကို မြန်မာ့စီးပွားရေးဦးပိုင်က ငွေကြေး လွှဲပြောင်းဆက်စပ်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စစ်ဆေးနိုင်ရေးအတွက် KIRIN ကုမ္ပဏီက အခုလို လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ Asia Nikkei သတင်းစာမှာ သတင်းထောက် YUICHI NITTA က ရေးသားဖော်ပြထားပါတယ်။ တပ်မတော်ရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေက ဦးပိုင်ကုမ္ပဏီကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုရှိတဲ့အတွက် KIRIN ကုမ္ပဏီဟာ ဂျပန်နိုင်ငံတွင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ အစည်းတွေရဲ့ ဖိအားပေးမှုတွေကို ခံနေရတာဖြစ်ပါတယ်။ KIRIN အနေနဲ့ ၂၀၁၅ ခုကစပြီး မြန်မာဘီယာ၊ မန္တလေးဘီယာတို့နဲ့အတူ ဖက်စပ်လုပ်ငန်းအဖြစ် အမေရိကန် ဒေါ်လာ ၅၆၄ သန်းနဲ့ ဝယ်ယူထားခဲ့တာပါ။ KIRIN က ၂၀၁၉ ခုထုတ်ပြန်တဲ့ စာရင်းတွေအရ နိုင်ငံတွင်းဘီယာဈေးကွက်ရဲ့၈၀ ရာခိုင်နှုန်း ရယူထားတဲ့ မြန်မာဘီယာ ကုမ္ပဏီအနေနဲ့ မြန်မာကျပ်ငွေ ၄၅၂ ဘီလီယံ ရောင်းချခဲ့ရပြီး အမြတ်အစွန်း ကျပ်ငွေ ၁၇၉ ဘီလီယံ ရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013