Home
မြန်မာသတင်း
ရာသီတုပ်ကွေး H1N1 ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း လျော့ကျ
DVB
·
October 19, 2019
H1N1 2019
မြန်မာနိုင်ငံတဝန်း ရာသီတုပ်ကွေး H1N1 ဖြစ်ပွားတဲ့ လူနာတွေထဲက တလအတွင်းမှာ လူတယောက်ပဲ ထပ်သေဆုံးခဲ့ပြီး ဖြစ်ပွားသူ အယောက် ၃၀ ဝန်းကျင်ပဲ ထပ်တိုးခဲ့တာကြောင့် ဖြစ်ပွားနှုန်းရော သေဆုံးနှုန်းပါ သိသိသာသာလျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၀ ရက်က ဓာတ်ခွဲအတည်ပြုလူနာ ၇၄၀ ယောက်ရှိပြီး အောက်တိုဘာ ၁၈ ရက်မှာတော့ ၇၇၈ ယောက်၊ စက်တင်ဘာ ၂၀ ရက်က သေဆုံးသူ စုစုပေါင်း ၁၁၅ ယောက် ရှိပြီး အောက်တိုဘာ ၁၈ ရက်အထိက ၁၁၆ ယောက်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီကာလမှာ သံသယလူနာပေါင်း ၁၆၅ ယောက်ကို ဓာတ်ခွဲစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်သေဆုံးခဲ့သူဟာ မန္တလေးတိုင်းက ဖြစ်လို့ မန္တလေးတိုင်းမှာ စုစုပေါင်း သေဆုံးသူ ၅ ယောက် ရှိပါတယ်။ အခုအချိန်ထိ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရဘဲ တနိုင်ငံလုံးမှာ ကူးစက်ခံ လူနာတွေ ရှိပါတယ်။ ပြီးတော့ ကယား၊ ကရင်၊ ချင်း၊ ရှမ်းမြောက်နဲ့ အရှေ့ပိုင်းတို့မှာတော့ သေဆုံးလူနာ မရှိပါဘူး။ ရန်ကုန်တိုင်းမှာ ၆၈ ယောက် သေဆုံးခဲ့လို့ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းမှာ ၁၄ ယောက်၊ ပဲခူးတိုင်းမှာ ၁၁ ယောက်နဲ့ အများဆုံး သေဆုံးခဲ့ပါတယ်။ ဖြစ်ပွားနှုန်းရော သေဆုံးနှုန်းပါ သိသိသာသာ လျော့သွားပြီဖြစ်ပေမယ့် အခုအချိန်အထိတော့ H1N1 ကူးစက်ခံ ဖြစ်ပွားသူတွေ ရှိနေသေးတာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး H1N1 ဟာ သက်ကြီးရွယ်အို၊ ၅ နှစ်အောက် ကလေးတွေနဲ့ နာတာရှည်ရောဂါရှိသူတွေမှာ ရောဂါပိုးကူးစက်ရင် ပိုမိုပြင်းထန်နိုင်လို့ ဂရုပြုသင့်ပါတယ်။ ရာသီတုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ၊ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက် မအီမသာတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်တတ်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်ကနေ ၅ ရက်အတွင်း ဖြစ်ပါတယ်။ တုပ်ကွေးရောဂါ မဖြစ်စေဖိုနဲ့ ကူးစက်တာကို ကာကွယ်ဖို့ လက်ဆေးတာ၊ နှာချေ၊ ချောင်းဆိုးရင် ပါးစပ်နဲ့ နှာခေါင်းကို အုပ်ပြီးဆိုးတာ၊ လူထူထပ်တဲ့နေရာ အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့နဲ့ ဖျားနာပြီး အသက်ရှူကျပ်ရင် ချက်ချင်း ဆေးရုံ၊ ဆေးခန်းပြသဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အကြံပြုထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013