Home
မြန်မာသတင်း
ဒီးမော့ဆိုစစ်ရှောင်စခန်းတွင် ကလေးငယ်အပါအဝင် လူ ၈၀ ကျော် ရာသီတုပ်ကွေးဖြစ်ပွား
DVB
·
October 13, 2023
DeMawSo_IDPsSchoolSupport_01_12102023

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ ကန်သာယာ စစ်ရှောင်စခန်းက ကလေး လူကြီး ၈၀ ကျော် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။ 

စက်တင်ဘာ ၁၅ ရက်လောက်ကစတင်ပြီး ကလေး လူကြီး ၈၀ ကျော်ဟာ ရာသီတုပ်ကွေးရောဂါ ခံစားနေရတဲ့အပြင် အောက်တိုဘာလကစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မိုးကာတဲတွေ မိုးမလုံတာတွေကြောင့် အအေးမိဖျားနာသူ စစ်ရှောင်စခန်း ၃ ခုထက်မနည်းရှိပြီး စစ်ဘေးရှောင်တွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်အမျိုးသမီးတယောက်က “နေမကောင်းဖြစ်တာ ကလေးအယောက် ၂၀ လောက် ရှိတယ်။ ကျောင်းတောင်မတက်နိုင်ဘူး။ လူကြီးလည်း တအားဖြစ်တယ်။ အရေးပေါ်ဆေးတွေလည်း ကုန်နေပြီ။ ပါရာတို့၊ စီဗစ်တို့၊ ဆေးတွေလည်း မရှိတော့ဘူး။ အရေးပေါ်ဆိုရင် ဆေးခန်းပဲ သွားပြရတယ်။ သက်ကြီးရွယ်အိုတွေလည်း ဖြစ်ကြတယ်” လို့ ပြောပါတယ်။

ရာသီတုပ်ကွေး ဖြစ်နေသူတွေကို တခါတလေ အသင်းအဖွဲ့ကနေ ဆေးကုပေးတာရှိပြီး နေမကောင်းတဲ့သူတွေဟာ ငွေမရှာနိုင်တာကြောင့် ဆန်ပြုတ်ပဲသောက်ရပြီး အသားလည်း မစားနိုင်ဘူးလို့ စစ်ရှောင်တွေက ဆိုပါတယ်။

ကန်သာယာစစ်ရှောင်စခန်းအတွင်း ဒီးမော့ဆိုမြို့နယ် ထရီးဘီလာရွာက အိမ်ခြေ ၃၉ စု၊ လူဦးရေ ၁၆၂ ဦး လာရောက်ခိုလှုံနေတာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းကလေးငယ်တွေ အများဆုံးဖြစ်ပြီး စစ်ဘေးရှောင်ကာလ ၂ နှစ်ကျော် ကြာမြင့်ပြီးဖြစ်ကာ နေရပ်ပြန်ချင်ပေမဲ့ ကျေးရွာဟာ တိုက်ပွဲဇုန်ဖြစ်နေတဲ့အပြင် နေအိမ်တွေပါ မီးရှို့ခံထားရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013