Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မန္တလေးတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်း စတင်
DVB
·
July 20, 2019
ayar
ဧရာဝတီမြစ်ရေမြင့်တက်လာပြီး စိုးရိမ်ရေအမှတ်ကို ကျော်လာတာကြောင့် မန္တလေးမြို့က ကမ်းနားတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဇူလိုင်လ ပထမအပတ်ကနေ စတင်ပြီး မြန်မာနိင်ငံအထက်ပိုင်းမှာ မိုးရွာသွန်းမှု များလာတာကြောင့် ဇူလိုင် ၂၀ ရက်နေ့ မနက်မှာ  မန္တလေးမြို့ရဲ့ စိုးရိမ်ရေအမှတ် ၁၂၆၀ ကို ကျော်လွန်ပြီး ၁၂၇၁ စင်တီမီတာကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မနက် ၇ နာရီခွဲကစတင်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေတာလို့ အမရပူရမြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးကျော်မျိုးက ပြောပါတယ်။ “အခုလက်ရှိတော့ သဲအိတ် ၁၀၀၀ ကို ဖို့ပြီးပါပြီ။  ဆက်ပြီးတော့လည်း သဲအိတ် ၁၅၀၀ ဖို့ ဖို့အတွက် ကျနော်တို့ စောင့်နေပါတယ်ခင်ဗျ။  ဒါမန္တလေးတိုင်း တိုင်းဒေသကြီးမြို့နယ် ဦးစီးမှူး လမ်းညွှန်မှုနဲ့ တိုင်းအဆင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၂၆ ဦးနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေကတော့ ကျနော်တို့ လက်ရှိအချိန်အထိ ၁၂၇၁ စင်တီမီတာကို ရောက်နေပါပြီခင်ဗျ။ စိုးရိမ်ရေအမှတ်ထက် ၁၁ စင်တင်မီတာကျော်နေပါပြီခင်ဗျ။ ဒုဋ္ဌဝတီမြစ်ရေဟာလည်း ၈၇၃ စင်တီမီတာကို ရောက်ရှိနေပြီ။ စိုးရိမ်ရေအမှတ်ကို ၃ မီတာ ကျော်နေတဲ့အတွက်ကြောင့် ကျနော်တို့က ဒုဋ္ဌဝတီမြစ်နဲ့ ဧရာဝတီမြစ်ဆုံရာ ဖြစ်တဲ့အတွက် အမရပူရမြို့နယ် ကျေးရွာတွေမှာလည်း ၁၅ အုပ်စုလောက် ရေဝင်နေပါပြီဗျ။ ရေဝင်နေတဲ့ အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ  အယောက် ၂၀ လောက်ခွဲပြီးတော့ ရွာတွေထဲမှာ ဆောင်ရွက်နေတာလည်း ရှိပါတယ်။” ပြည်ထောင်စုလွှတ်တော်ကလည်း ကူညီကယ်ဆယ်ရေးအတွက် ပံ့ပိုးကူညီသွားမယ်လို့ အမရပူရမြို့နယ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မြင့်က ပြောပါတယ်။ “ဒီနေ့က ရေတိုးလာတဲ့အတွက် စိုးရိမ်ရေအမှတ်ကို ကျော်နေပြီ။ အဲ့တာကြောင့်မို့လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကမ်းပားမှာရှိတဲ့ ကြွက်တွင်းတွေ ချိုင့်တွေ အဲ့တာတွေကို စည်ပင်က အင်အားလည်း များတယ်။ မီးသတ်ကလည်း ၂၀၀ လောက်နဲ့ ကျနော်တို့ ကြိုတင်ကာကွယ်တဲ့ လုပ်ငန်းတွေ ကျနော်တို့လုပ်နေတာပါ။ ကျနော်တို့ ပြည်ထောင်စုအဆင့်ကလည်း အကူညီတွေပေးမှာပါ။ တိုင်းဒေသကြီးကလည်း လမ်းညွှန်ချက်နဲ့ လာလုပ်တာပါ။ လိုအပ်တာတွေအကုန်လုံး ကျနော်တို့ ကူညီပေးမှာပါ။” ဇူလိုင် ၂၀ ရက်နေ့  မွန်းလွဲပိုင်း ၁ နာရီခွဲ မြစ်ရေတိုင်းထွာချက်များအရ  ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး ကသာမြို့မှာ ၄ စင်တီမီတာ၊ သပိတ်ကျင်းမြို့မှာ ၅၆ စင်တီမီတာ မန္တလေးမြို့မှာ ၁၅ စင်တီမီတာ၊ စစ်ကိုင်းမြို့မှာ ၁၁ စင်တင်မီတာနဲ့ ဒုဌဝတီမြစ်ရေဟာ မြစ်ငယ်မှာ စိုးရိမ်ရေအမှတ် ၈၇၀ ကို ကျော်လွန်ပြီး ၈၈၁ စင်တင်မီတာဖြစ်ပြီး ၁ နာရီအတွင်း ပြောင်းလဲမှုရှိနိင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013