ဧရာဝတီမြစ်ရေတက်လာမှုကြောင့် စာသင်ကျောင်းနှင့် အိမ်ခြေ ၅၀၀ နီးပါး ရေနစ်မြုပ်
DVB
·
August 23, 2017
မန္တလေးတိုင်း တံတားဦးမြို့နယ် ဈေးချိုကျေးရွာအုပ်စု ဈေးချိုရပ်ကွက်မှာ သြဂုတ်လ ၁၉ ရက်နေ့က ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့တွက် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုး အပါအ၀င် အိမ်ခြေ ၄၈၆ အိမ်နဲ့ လူဦးရေ သုံးထောင်နီးပါး ရေနစ်မြုပ်မှုဖြစ်ပေါ်နေပါတယ်။
အခြေခံမူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စောဝင်း “ကျမအနေနဲ့ ကျောင်းသားတွေ စာမြန်မြန်သင်ကြားနိုင်ဖို့နဲ့ ကျောင်းသားတွေရဲ့ ကျန်းမာရေးကိုပဲ စိုးရိမ်နေမိတယ်။ နှစ်စဉ် ရေတက်နေကျဖြစ်ပေမယ့် စိုးရိမ်မိတယ်။ သွေးလွန်တုပ်ကွေးနဲ့ ယားနားတွေဖြစ်မှာကိုပါ၊ ဒါကြောင့် ကလေးတွေပညာရေးအတွက် ကျောင်းမြန်မြန်ပြန်ဖွင့်နိုင်ဖို့ ကလေးတွေ ကျန်းမာရေး စောင့်ရှောက်ပေးဖို့ သက်ဆိုင်ရာက အမြန်ကူညီပေးဖို့ မျှော်လင့်နေမိတယ်” လို့ ပြောပါတယ်။
“ရေတက် ရေကြီးတိုင်းကျောင်းက ပိတ်နေရတာမို့ အနာဂတ်ပညာအတွက် စိုးရိမ်ရတယ်။ ရေကြီးလာပြီဆိုရင် ကျောင်းမပိတ်ရအောင် နေရာတနေရာကြိုပြီး ရှာထားပြီး သင်ကြားပေးမယ် ဆိုရင် ပိုကောင်းမယ်။ အဲလိုစီစဉ်ပေးမယ်ဆိုရင် ကျောင်းသားတွေအနေနဲ့ စာလည်း နောက်ကျ မနေသလို ကျန်းမာရေးအတွက်လည်း စိုးရိမ်နေစရာမလိုဘူး”လို့ လေးတန်းကျောင်းသား မိဘဖြစ်သူ ဦးကြည်လွင် က ပြောပါတယ်။
ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်နော်ဇာဦးက “သာမန် ဖျားတာနာတာ လောက်တော့ရှိပြီး စုစုပေါင်းရေကြီးချိန်မှာ လူနာ ၂၀ လောက်ကို ဆေးကုသပေးထားပြီး ရေဝင်ဒေသက မိသားစုတွေကို ဂရုတစိုက်နဲ့ ကုသပေးနေပါတယ်၊ ထိခိုက်ဒဏ်ရာကတော့များပြီး တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျော မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေပြီး တကယ် ကျန်းမာရေးဖြစ်လာပြီဆိုရင် မိမိဖာသာ ဆေးကုသမနေဘဲ ကျန်းမာရေးဌာန ဆေးခန်းတွေခွဲပြီး ဖွင့်ပေးထားပြီးဖြစ်လို့ နီးစပ်ရာ ဆေးခန်းမှာ ပြသပြီးကုသကြဖို့ ရေဝင်ဒေသကမိသားစုတွေကို မှာကြားချင်တယ်” လို့ ပြောပါတယ်။
ဈေးချိုရပ်ကွက်က မူလတန်းကျောင်းကတော့ ၂၂ ရက်နေ့ကစပြီး ခေတ္တပိတ်ထားပါတယ်။