Home
မြန်မာသတင်း
ပုလောမြို့နယ်တွင် သင်္ကြန်ကြိုကာလ ရိုးရာ ကျားဆုခံပွဲကျင်းပ
DVB
·
April 13, 2019
tigerr
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ဒေသဆိုင်ရာရိုးရာဓလေ့ တခုဖြစ်တဲ့ ကျားဆုခံပွဲ (ကျားကပွဲ) ကို သင်္ကြန်မတိုင်မီရက်တွေနဲ့ သင်္ကြန်အကြိုနေ့မှာ နှစ်စဉ်ကျင်းပလေ့ရှိသလို အခုနှစ်မှာလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပါတယ်။ ကျားကပွဲကို ဧပြီ ၉ ရက်မှာ လယ်ဝိုင်းဘုန်းတော်ကြီးကျောင်းတိုက်မှာ ကျင်းပခဲ့ပြီး ၁၁ ရက်နေ့မှာ မြို့ဦးကျောင်း၊ ၁၂ ရက်နေ့မှာ အရှေ့ကျောင်းတိုက်နဲ့ ၁၃ ရက်နေ့မှာတော့ အနောက်ကျောင်းတိုက်တို့မှာ အလှူခံကပြ ဖျော်ဖြေခဲ့တာပါ။ အလှူခံရရှိလာတဲ့ငွေတွေကိုတော့ ဘုရားကျောင်းကန်ပြန်လည်ပြုပြင်မွန်းမံတဲ့နေရာမှာ အသုံးပြုဖို့ ရှိတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်က ကုန်သွယ်ဖို့လာရောက်ကြတဲ့  အာရေဗျ လူမျိုးတွေဟာ တနင်္သာရီတိုင်းဘက်ကို ဝင်ရောက်လာပြီး မြိတ် ၊ ပုလော တနင်္သာရီနဲ့ ဘုတ်ပြင်း စတဲ့မြို့နယ်တွေက ဒေသခံတွေကို  ကျားအကနဲ့ ကပြဖျော်ဖြေကာ ဘုရားကျောင်း ကန်ပြုပြင်ဖို့ အလှူခံပေးရာကအစပြုပြီး ကျားဆုခံပွဲ ရိုးရာဓလေ့ ပေါ်ပေါက်လာခဲ့တာပါ။ ကျားကပွဲကို  နှစ်စဉ်နှစ်တိုင်း ကျင်းပကြပေမယ့် ဒေသခံတွေအနေနဲ့  ဘာသာရေးပွဲတော်အဖြစ်ကျင်းပတာမဟုတ်ဘဲ မြို့တမြို့ရဲ့ဓလေ့အဖြစ်နဲ့သာ ကျင်းပတာလို့ ပုလောမြို့က ကာလသားခေါင်းဆောင် ဦးလှစိုးကပြောပါတယ်။ ကျားကပွဲအချိန်ရောက်လာတိုင်း အနယ်နယ်အရပ်ရပ်နဲ့ ပြည်ပနိုင်ငံတွေက ရောက်ရှိနေတဲ့ ပုလောဒေသခံတွေဟာ နေရပ်ဇာတိကို အရောက်ပြန်လာပြီး တပျော်တပါး ပါဝင်ဆင်နွဲလေ့ရှိကြပါတယ်။ ကျားကပွဲမှာ ကျားစိတ်ဝင်ပြီး ၀င်ရောက်ကပြသူ အများအပြားရှိပြီး ကျားကပွဲနဲ့ အတူလိုက်ပါလာတဲ့ကျားထိန်းတွေက ကျားစိတ်ဝင်စီးတဲ့သူတွေကို ထိန်းသိမ်း ကူညီပေးလေ့ရှိပါတယ်။ ကျားကပွဲအတွင်း ၀င်ရောက်ကပြရာက ကျားစိတ်ဝင်စီးသွားသူတွေကတော့ စိတ်လွတ်သွားတဲ့ အခိုက်တန့်အတွင်း ဘာတွေဖြစ်သွားတယ်ဆိုတာ ဘာမှ မသိလိုက်ရဘူးလို့ ပြောပါတယ်။ မြိတ်ခရိုင်အတွင်း ကျားကပွဲတွေကို မြိတ်မြို့၊ ပုလောမြို့နဲ့ တနင်္သာရီမြို့တွေမှာ ကပြလေ့ရှိကြပြီး ပုလောမြို့နယ်ကတော့ ၀င်ရောက်ကပြသူအများဆုံးရှိတဲ့ ဒေသဖြစ်လို့ လူကြိုက်အများဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ပွဲတော်ဖြစ်တယ်လို့ သိရပါတယ်။ သတင်း- မြတ်ထွဋ် (မြိတ်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013