Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာအပါအဝင် နိုင်ငံခြားသား ၁၀၀ ခန့် ဖမ်းဆီးခံရ
DVB
·
April 26, 2018
c1_1452938_180426104229_620x413
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုင်ငံတကာစာသင်ကျောင်းပေါင်း ၇၄ ကျောင်းအပါအဝင် နေရာပေါင်း ၁၁၈ နေရာကို ရဲတပ်ဖွဲ့က ဒီကနေ့မနက်အစောပိုင်းက ဝင်ရောက်စစ်ဆေးရာမှာ  မြန်မာ အပါအဝင် နိုင်ငံခြားသားပေါင်း ၉၉ ဦး ဖမ်းဆီးရမိတယ်လို့ Bangkok Biznews သတင်းမှာ ဖော်ပြပါတယ်။ လုံခြုံရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ ရာဇဝတ်မှုပပျောက်ရေးအတွက် X-RAY OUTLAW FOREIGNER ဆိုတဲ့ စီမံချက်နဲ့ နိုင်ငံခြားသားအများစု နေထိုင် ကျက်စားရာ နေရာတွေကို တာဝန်ရှိသူတွေက လိုက်လံစစ်ဆေး ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရသူတွေထဲမှာ နေထိုင်ခွင့်ဗီဇာသက်တမ်း ကုန်လွန်နေတဲ့ မြန်မာ၊ အိန္ဒိယနဲ့ ဂျာမနီ နိုင်ငံသားတွေ ပါဝင်ပြီး တရားမဝင်  ဝင်ရောက်နေထိုင်သူတွေထဲမှာလည်း မြန်မာ၊ လာအိုနဲ့ အိန္ဒိယနိုင်ငံသားတွေ ပါဝင်ကြောင်း၊ သူတို့ထဲက အချို့ဟာ နိုင်ငံတကာစာသင်ကျောင်းမှာ ကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်နေတာလည်း တွေ့ရှိတယ်လို့ ရဲမှူးချုပ် ဆုရချိတ် ဟတ်ဖန်းက သတင်းထောက်တွေကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကလည်း အသက် ၃၅ နှစ်ရွယ် နိုင်ဂျီးရီးယားနိုင်ငံသားတဦးကို ကိုကင်းမူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဘန်ကောက် ပရဝေ့နယ်မြေ ဒီကွန်ဒိုတိုက်ခန်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သူကတော့  ထိုင်းဇနီးနဲ့ သားသမီးရှိသူဖြစ်လို့ နေထိုင်ခွင့်ဗီဇာ ရထားတယ်လို့ ဆိုပါတယ်။ ဒီစီမံချက်မှာ ထိုင်းနိုင်ငံထဲကို ကမ္ဘာလှည့်ခရီးသွားအနေနဲ့ ဝင်ရောက်လာပြီး ပုံစံအမျိုးမျိုးနဲ့ ရာဇ၀တ်မှူကျူးလွန်နေသူတွေကို ဖမ်းဆီးနှိမ်နင်းဖို့ ဖြစ်ကြောင်း၊ အထူးသဖြင့် ပတ္တယား၊ ဟတ်ယိုင်၊ ဆုန်ခလာ၊ ကော့စမွီ စတဲ့ ဒေသမှာ လာရောက်နေထိုင်သူ  အသားရောင်ရှိ(နိဂရိုး) လူမျိုးတွေကို ပစ်မှတ်ထား စောင့်ကြည့်တယ်လို့ ဆိုပါတယ်။ အချို့သူတွေဟာ ကမ္ဘာလှည့်ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာပြီး နိုင်ငံတကာ စာသင်ကျောင်းမှာ အလုပ်လုပ်ရင်း ကျောင်းသားဗီဇာ ပြန်လုပ်တာလည်း ဥပဒေနဲ့ မညီညွတ်ကြောင်း၊ ဒါကြောင့် သက်ဆိုင်ရာ စာသင်ကျောင်းတွေအနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ရဲမှူးချုပ်က ပြောပါတယ်။ နိုင်ငံခြားသားတွေ ကျူးလွန်ခဲ့တဲ့ အမှုတွေထဲမှာ အတုအယောင် လက်ထပ်ထိမ်းမြားတာ၊ ခရက်ဒစ်ကတ် အကြွေးဝယ်ကတ်အတု ပြုလုပ်တာနဲ့  မူးယစ်ဆေးဝါးမှုတွေ ပါဝင်ကြောင်း၊ အချို့ အသားရောင်ရှိ နိုင်ငံခြားသားတွေမှာ ငွေအသွားအလာ တိကျမှုမရှိဘဲ ဘဏ်စာရင်းထဲ ဘတ်ငွေ သုံး လေးသိန်းရှိနေတာလည်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိသူတွေကို  နာမည်ပျက်စာရင်းသွင်းဖို့  ဒီအန်အေစစ်ဆေးကာ ပြည်နှင်ဒဏ် ပေးသွားမှာ ဖြစ်ကြောင်း၊ စီမံချက်အကြိမ် တထောင်ကျော် လုပ်ဆောင်ခဲ့ရာမှာ ဥပဒေနဲ့မညီညွတ်သူ နိုင်ငံခြားသားပေါင်း ၄၀၀၀ ကျော်ဖမ်းဆီးခဲ့ကြောင်း၊ ဒါကြောင့် မြို့ပြမှာ ဥပဒေနဲ့မညီတဲ့ နိုင်ငံခြားသား အရေအတွက်လည်း လျော့ပါးသွားတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ ဓာတ်ပုံ-ဘန်ကောက်ပို့စ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013