Home
ရုပျသံ
ချင်းမိုင်တွင် မိမိရင်သွေးအား တောင်းရမ်းခိုင်းသည့် မြန်မာမိခင် ၂ ဦး ဖမ်းဆီးခံရ (ရုပ်သံ) 
နန်းမြနဒီ
·
July 19, 2019
baby
ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ မနေ့ညက လေလွင့်သူနဲ့ တောင်းရမ်းစားသောက်နေသူကို တာဝန်ရှိသူတွေက လိုက်လံရှင်းလင်းနေရာမှာ တောင်းရမ်းစားသောက်ရသူ ကလေး ၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး မိမိရင်သွေးအားတောင်းရမ်းစေတဲ့ မြန်မာအမျိုးသမီး ၂ ဦး နဲ့ ထိုင်းတောင်ပေါ်တိုင်း ရင်းသူ ၁ ဦးတို့ကို ဖမ်းဆီးလိုက်ပါတယ်။ ချင်းမိုင်ခရိုင် လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအဖွဲ့  လူမှုဖွံ့ဖြိုးရေးနဲ့ လူသားရင်းမြစ် တည်တံ့ရေးဌာန၊ လ၀က ရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့၊ HRDF  စတဲ့ ပူးပေါင်းအင်အား ၁၀၀ လောက်ဟာ မနေ့ညက ၈ နာရီကျော်လောက်မှာ ချင်းမိုင်မြို့ ဈေးကြီးတ၀ိုက်နဲ့ နိုင်ဘဇားညဈေးတန်းကို သွားရောက်စစ်ဆေးခဲ့ပြီး တောင်းရမ်းစားသောက်သူ ကလေးတွေနဲ့  တောင်းရမ်းခိုင်းသူ လူကြီးတွေကို ဖမ်းဆီးခဲ့တယ်လို့ စစ်ဆေးရေးအဖွဲ့ထဲ ပါသွားသူ ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ၀န်ထမ်းတဦးဖြစ်သူ စိုင်းပိုင်းက ဒီဗွီဘီကို ပြောပါတယ်။ “လေလွင့်ကလေးသူငယ်နဲ့ သူတောင်းစားကလေးတွေ ပြဿနာဖြေရှင်းရေးနဲ့ ပတ်သက်ပြီး ဒီမတိုင်ခင်က ဌာနဆိုင်ရာအဖွဲ့စုံ အစည်းအဝေးလုပ်ခဲ့တယ်။ ဒါနဲ့ မနေ့ညက ညဈေးနဲ့ ဈေးကြီးတ၀ိုက်မှာ စစ်ဆေးရေးသွားလုပ်ပါတယ်၊ အဲဒီမှာ တောင်းစားနေတဲ့ အသက် ၃ နှစ် နဲ့ ၇ နှစ်ရွယ်ကြားရှိ ယောက်ျားလေး ၂ ယောက် မိန်းကလေး ၁ ယောက်ကို ကယ်တင်ခဲ့ပါတယ်။ သူတို့ကို တောင်းရမ်းခိုင်းတာက သူတို့အမေနဲ့ အဘွားတွေ ကိုယ်တိုင်ပဲဖြစ်တယ်။ ကလေးအမေ ၂ ယောက်က မြန်မာပြည် မကွေးတိုင်းဘက်ကဖြစ်ပြီး တာချီလိတ်မှာ လာနေတယ်၊ ပြီးတော့ ချင်းမိုင်ကို ဆက်လာတယ်။ နောက်တယောက်က ချင်းရိုင်းက အခါတိုင်းရင်းသူ မြေးအဘွား ၂ ယောက်လုံး တူတူတောင်းကြတာ။” စစ်ဆေးမေးမြန်းချက်အရ မြန်မာအမျိုးသမီး ၁ ဦးမှာ သားသမီး ၆ ယောက်ရှိပြီး စားဝတ်နေရေး ခက်ခဲလို့ တောင်းရမ်းစားသောက်ရတာဖြစ်ကြောင်း၊ တောင်းစားတာ တနေ့ ၀င်ငွေ ဘတ် ၂၀၀ မှ ၅၀၀ ထိရလေ့ရှိပြီး တာချီလိတ်မှာ ကျန်ခဲ့တဲ့ ကလေး ၅ ယောက်စရိတ်အတွက် ပြန်ထောက်ပံ့ပေးရတယ်လို့ အငယ်ဆုံးကလေးကို ရင်ခွင်ပိုက်ပြီး တောင်းရမ်းသူ မိခင်က ပြောပါတယ်။ မနေ့ညက သွားရောက်စစ်ဆေးတဲ့အချိန် ထွက်ပြေးလွတ်မြောက်သွားတဲ့ အခြေအနေမဲ့ လေလွင့်သူ၊ သူတောင်းစားတွေလည်း ရှိသေးကြောင်း၊ ဒါကြောင့် ထပ်မံလာရောက်စစ်ဆေး ဖို့ရှိပြီး သတင်းအရ ဟန်ဒုံးမြို့နယ်ရှိ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဖွင့်လှစ်ထားတဲ့ ဖရန်ဈေး မှာလည်း တောင်းစားသူတွေရှိတဲ့အတွက် သွားရောက်စစ်ဆေးမယ်လို့ စိုင်းပိုင်းက ဆက်ပြောပါတယ်။ မနေ့ညက ဖမ်းမိတဲ့ မိခင်နဲ့ကလေးတွေကို ချင်းမိုင်မိခင်နဲ့ ကလေးစောင့်ရှောက်ရေးဂေဟာမှာ ထိန်းသိမ်းထားပြီး အမှန်တကယ် သားအမိဟုတ်မဟုတ် ဒီအန်အေ စစ်ဆေးကြည့်ဦးမှာဖြစ်ကြောင်း၊ အချို့ကလေးတွေမှာ လမ်းဘေးမှာ အတော်ကြာအိပ်စက်နေတဲ့အတွက် ဆေးကျွေးခံထားရတာရှိမရှိ၊ သူတို့ခန္ဓာကိုယ်မှာ ဆွဲဆိတ် ရိုက်နှက်ခံထားရာတွေရှိမရှိ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအတွက် သက်ဆိုင်ရာ ဆရာဝန်တွေ စစ်ဆေးဦးမှာဖြစ်ပြီး အမျိုးသမီးတွေကိုလည်း လူကုန်ကူးမှု ရှိမရှိ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရကြောင်း စိုင်းပိုင်းက ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013