Home
မြန်မာသတင်း
တောထဲပစ်ထားခံရသည့် မြန်မာများကို ထိုင်းရဲကယ်ထုတ်၊ အသက်ရှင်သန်ရေး အစာဝေမျှစားခဲ့ရ
နန်းမြနဒီ
·
July 26, 2019
thai
ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်ထဲမှာ မလေးရှားနိုင်ငံပို့ပေးမယ်ဆိုပြီး တောထဲလာ ပစ်ထားတဲ့ မြန်မာနိုင်ငံသား ၄၄ ဦးကို ထိုင်းလူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့က ကယ်ထုတ်ခဲ့တယ်လို့ စပရင်းနယူးစ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ရနောင်းခရိုင် ဆုခ်ဆမ်လန်းမြို့နယ်၊ နားခါးအုပ်စုရှိ၊ ကုန်းကန်တောအုပ်ထဲမှာ မသင်္ကာသူ တစုရောက်ရှိနေကြောင်း သတင်းရတဲ့အတွက် ရနောင်းခရိုင်လူကုန်ကူးမှု တားဆီး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ မိခင်နဲ့ကလေးကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့ဝင်တွေဟာ ဇူလိုင် ၂၄ ရက်က သွားရောက်စစ်ဆေးခဲ့တာပါ။ တောထဲမှာ တရားမ၀င်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို တွေ့ရပြီး သူတို့ဟာ ပွဲစားအဆက်အသွယ်နဲ့ မလေးရှားနိုင်ငံဘက် သွားပြီး အလုပ်လုပ်ဖို့ ဖြစ်ကြောင်း၊ ပွဲစားက လာပစ်ထားတာ တပတ်ခန့်ရှိပြီဖြစ်ပြီး အစပိုင်းမှာ တနေ့တကြိမ် အစာရေစာ လာပို့ပေးပေမယ့် နောက်ပိုင်း ၂ ရက်တကြိမ်သာ လာပို့တာကြောင့် အသက်ရှင်ဖို့ ဝေမျှစားခဲ့ရ တယ်လို့ ဆိုပါတယ်။ စွန့်ပစ်ခံထားရသူတွေထဲမှာ အမျိုးသား ၃၉ ဦး၊ အမျိုးသီး ၅ ဦး စုစုပေါင်း ၄၄ ဦး ပါဝင်ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် လူငယ်တွေက  ၉ ယောက်ရှိတယ်လို့ လူကုန်တားရဲတပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းဘက်က လာရောက်သူတွေဖြစ်ကြပြီး အားလုံးကို ရနောင်းရဲစခန်းမှာ ထိန်းသိမ်းထားကာ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်သူတွေကို ထိုင်းရဲက ဆက်လက်စုံစမ်းရှာဖွေနေပါတယ်။ ထိုင်းနိုင်ငံမှာ လူကုန်ကူးမှု ပပျောက်ရေးအတွက် တစိုက်မတ်မတ်နှိမ်နင်းနေရာမှာ ၆ လအတွင်း လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်သူပေါင်း ၂၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ပြီး လူကုန်ကူးခံရသူပေါင်း ၂၀၀၀ နီးပါး ကယ်တင်ခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် ဆူချတ်ထီရ၀ပ်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုတွေကို တင်းကြပ်ဆောင်ရွက်နေတာကြောင့် လူကုန်ကူးပွဲစားတွေဟာ လူတွေကို ဖမ်းဆီးမခံရအောင် တောထဲတောင်ထဲ၊ အဆောက် အဦဟောင်း၊ ဂိုဒေါင်ဟောင်းတွေမှာ လာထားလေ့ရှိလို့ အဆိုပါနေရာတွေကို စောင့်ကြည့်ဖို့ ညွှန်ကြားထားတယ်လို့  ရဲချုပ်က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013