Home
မြန်မာသတင်း
ထိုင်းတွင် ၅ ရက်ကြာ ပိတ်လှောင်ခံထားရသည့် မြန်မာအယောက် ၂၀ ကို ကယ်ထုတ် 
DVB
·
July 1, 2019
thai
ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ်ထဲမှာ လူကုန်ကူးအဖွဲ့က ဂိုဒေါင်ပျက်ထဲ လာပြီး ပိတ်လှောင်ထားတဲ့ မြန်မာ ၂၀ ဦးကို သက်ဆိုင်ရာက ကယ်ထုတ်ခဲ့တယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ဆဒေါင်းမြို့နယ် ပါဒန်ဘေဆာအုပ်စုရှိ ဂိုဒေါင်ဟောင်းကြီး တလုံးထဲမှာ ကလေးငိုသံနဲ့ အကူအညီတောင်းသံတွေ ကြားရတယ်ဆိုပြီး ရွာသားတွေက အကြောင်းကြားလာတဲ့အတွက် ဆွန်ဖိထပ်မိခင်နဲ့ကလေးကူညီစောင့်ရှောက်ရေးဖောင်ဒေးရှင်း၊ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့ဝင်တွေဟာ အဆိုပါဂိုဒေါင်ဟောင်းဆီ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဂိုဒေါင်ဝင်းတံခါးမှာ သံကြိုးတွေနဲ့ ချည်ပြီး သော့ခတ်ထားတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံ ခွင့်တောင်းပြီး ဖောက်ဝင်ခဲ့ရတယ်လို့ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့မှ  ရဲမှူးကြီးဆူချတ် ထီရ၀ပ်က သတင်းထောက်တွေကို ပြောပါတယ်။ တာဝန်ရှိသူတွေ အထဲဝင်သွားတဲ့အခါ ပြတင်းပေါက်မရှိ၊ လျှပ်စစ်မီးမရှိတဲ့ အခန်းထဲ ပြွတ်သိပ်နေတဲ့ လူတခုကို တွေ့ရကြောင်း၊ အမျိုးသား ၉ ယောက်၊ အမျိုးသမီး ၆ ယောက်နဲ့ ကလေး ၅ ဦးပါဝင်ကာ အငယ်ဆုံးကလေးမှာ အသက် ၁ နှစ်နဲ့ ၃ လသာရှိသေးတယ်လို့ ဆိုပါတယ်။ စစ်ဆေးမေးမြန်းချက်အရ သူတို့အားလုံး မြန်မာနိုင်ငံကနေ လာတာဖြစ်ကြောင်း၊ မလေး ရှားနိုင်ငံကို ဆက်သွားဖို့အတွက် ပွဲစားက အဆိုပါဂိုဒေါင်ထဲ လာထားထားတာ ၅ ရက်ရှိပြီဖြစ်ပြီး  စားစရာလည်းမရှိကြောင်း၊ ဆာလောင်တဲ့အခါ တံစက်မြိတ်ကကျလာတဲ့ မိုးရေကိုသာ ခံသောက်ရပြီး ကလေးတွေကတော့ သည်းမခံနိုင်တဲ့အတွက် အော်ဟစ်ငိုယိုနေကြတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က လူကုန်ကူးအဖွဲ့ကို ဖမ်းဆီးအရေးယူဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး လူ ကုန်ကူးခံရသူတွေ အထူးသဖြင့် ကလေးတွေကို မူရင်းနိုင်ငံပြန်မပို့ခင် ကောင်းစွာပြုစုစောင့်ရှောက်ဖို့ ဆွန်ဖိထပ်မိခင်နဲ့ကလေး ကယ်ဆယ်စောင့်ရှောက်ရေးဖောင်ဒေးရှင်းကို ညွန်ကြားထားကြောင်း ရဲမှူးကြီးဆူချတ် ထီရ၀ပ်က ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013