Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း စာကြည့်တိုက်ဖွင့်လိုသူများအတွက် ကူညီပေးမည်
DVB
·
April 20, 2018
Library open at Mon 01
မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်ကျေးရွာတွေက စာကြည့်တိုက် ဖွင့်လှစ်လိုသူတွေအနေနဲ့ မွန်ပြည်နယ် စာကြည့်တိုက် ဖောင်ဒေးရှင်းကို ဆက်သွယ် အကူအညီတောင်းခံနိုင်ပြီး လိုအပ်တာတွေ ဖြည့်ဆည်းဆောင်ရွက်ပေးသွားဖို့ ရှိနေပါတယ်။ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းက တိုင်းနဲ့ ပြည်နယ်အလိုက် စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မော်လမြိုင်မြို့က စာပေချစ်သူတွေ ပါဝင်တဲ့ နာယက ၅ ဦး၊ အလုပ်အမှုဆောင် ၁၁ ဦးတို့နဲ့ ပြီးခဲ့တဲ့နှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြည်နယ်အတွင်းမှာရှိတဲ့ ပြင်ပစာကြည့်တိုက်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုက်လံကွင်းဆင်းကြည့်ရှုနေပါတယ်။ “ရပ်ကွက်နဲ့ ကျေးရွာအလိုက် သူတို့ ကိုယ်ပိုင်ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်တွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ အဆောက်အဦ၊ စာအုပ်စာတမ်း၊ ပရိဘောဂ စတဲ့ လိုအပ်ချက်တွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီပေးဖို့အတွက် ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ အဓိကကတော့ ပြည်သူတွေ စာဖတ်လာအောင် စာကြည့်တိုက်တွေ တိုးတက်ဖွံ့ဖြိုးဖို့အတွက် တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီပံ့ပိုးဖို့ပါ၊ နိုင်ငံတခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ စာဖတ်နှုန်းမြင့်ဖို့ လိုပါတယ်” လို့ မွန်ပြည်နယ် ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးညွန့်လွင်ကပြောပါတယ်။ လှုပ်ရှားမှုအကောင်းဆုံး ဖြစ်နေတဲ့ စာကြည့်တိုက်တွေ ဆက်လက်တည်မြဲနေစေဖို့နဲ့ အကူအညီတွေ လိုအပ်နေတဲ့ စာကြည့်တိုက်တွေအတွက် လိုအပ်တဲ့ အကြံဉာဏ်၊ စာအုပ်စာတမ်းတွေ လှူဒါန်းပေးနေပြီး သက်ဆိုင်ရာဌာနတွေထံကလည်း ရန်ပုံငွေတွေ တင်ပြ တောင်းခံပေးသွားဖို့လည်း ရှိနေပါတယ်။ “သထုံခရိုင်က မြို့နယ် ၄ မြို့နယ်၊ မော်လမြိုင်ခရိုင်က မြို့နယ် ၂ မြို့နယ် ဆင်းပြီးပြီ၊ လတ်တလော သိရသလောက်က စာကြည်တိုက်မှူးနဲ့ စာအုပ်စာတမ်းအသစ် ထောက်ပံ့ဖို့ လိုအပ်နေပါတယ်။ ကွင်းဆင်းပြီးရင် တင်ပြလာတဲ့ လိုအပ်ချက်တွေကို လုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်မယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း ဆက်သွယ်မယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီးတော့ ရန်ပုံငွေ တင်ပြတောင်းခံပေးဖို့ရှိတယ်။ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းရဲ့ သီးခြားထောက်ပံ့မှုရရှိအောင်လည်း ဆောင်ရွက်ပေးမယ်။ ကျယ်ကျယ်ပြန့်ပြန့်အနေနဲ့ ၁၀ မြို့နယ်လုံး မြေပြင် ကွင်းဆင်းလေ့လာသွားမယ်”လို့ ဦးညွန့်လွင်က ပြောပါတယ်။ ပြည်နယ်ပြန်/ဆက်အပါအဝင် စာပေအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လာမယ့်မေလအတွင်း မော်လမြိုင်မြို့မှာ စာပေဟောပြောဆွေးနွေးပွဲ၊ စာအုပ်အရောင်းပြပွဲနဲ့အတူ စာဖတ်စွမ်းရည်ပြိုင်ပွဲတွေကို ကျင်းပသွားဖို့လည်း ရှိနေပါတယ်။ သတင်း - ဝင်းနိုင်သက်၊ ဓာတ်ပုံ - UKL

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013