Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ဘီးခွန်ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော် ရရှိ
DVB
·
July 27, 2019
mon
မွန်ပြည်နယ်မှာ အခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြို့ဝင်ကြေး ဘီးခွန်ကနေ အခွန်ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော် ရရှိထားတယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ မွန်ပြည်နယ်မှာ မြို့ဝင်ကြေး ဘီးခွန်တွေကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလမှ စပြီး စည်ပင်သာယာရေးအဖွဲက ကိုယ်တိုင်ကြီးကြပ်ပြီး ကောက်ခံနေတာပါ။ ဒီလို ကောက်ခံရာမှာ အခုနှစ် ဘဏ္ဍာရေးနှစ် အောက်တိုဘာမှ ဇွန်လအထိ ၉ လတာကာလအတွင်း မြို့ဝင်ကြေး ဘီးခွန်မှ အခွန် ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော် ကောက်ခံရရှိထားတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြောပါတယ်။ ဘီးခွန် ကောက်ခံရာမှာ စည်ပင် ဝန်ထမ်းတွေအနေနဲ့ စနစ်တကျ ကောက်ခံဖို့နဲ့ ပြည်သူတွေကို ယဉ်ယဉ်ကျေးကျေး ပြောဆို ကောက်ခံဖို့ ညွှန်ကြားပေးထားတယ်လို့ဆိုပါတယ်။ မြို့ဝင်ကြေး ဘီးခွန်တွေကို ဒီဂျစ်တယ်စနစ်နဲ့ ပြောင်းလဲကောက်ခံဖို့ ကြိုးပမ်းနေတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။ ဒီဂျစ်တယ်စနစ်နဲ့ ပြောင်လဲ ကောက်ခံနိုင်ရင် ဂိတ်ကြေးမပေးဘဲ ကားမောင်း ထွက်ပြေးတဲ့  ဖြစ်စဉ်တွေအပြင် အခွန်ဆုံးရှုံးမှုနဲ့လေလွင့်မှုတွေကို ထိန်းချုပ်နိုင်မယ်လို့ ပြောပါတယ်။ မြို့ဝင်ကြေး ဘီးခွန်တွေကိုတော့ ကျိုက်ထိုမြို့နယ်နဲ့ မော်လမြိုင်မြို့နယ်က အများဆုံး ကောက်ခံ ရရှိထားတာ ဖြစ်ပြီး၊ တပြည်နယ်လုံးအနေနဲ့ မြို့ဝင်ကြေး ကောက်ခံရေးဂိတ် ၁၃ ဂိတ် ဖွင့်လှစ်ကောက်ခံနေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013