မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပစ်ခတ်မှုဖြစ်၊ နှစ်ဘက်ဒဏ်ရာရ
နော်နိုရင်း
·
June 17, 2015
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောမြို့နယ် နတ်မြစ်ဝမှာ ဒီကနေ့ မနက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ မြန်မာနယ်ခြားစောင့်တပ်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကနေ မြန်မာရေပိုင်နက်ဘက်ကို ကျွံဝင်လာတဲ့ လှေတစီးကြောင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
“မနက် ၆ နာရီလောက်မှာ ဟိုဘက်က ကျနော်တို့ မြန်မာ့ရေပိုင်နက်မှာပေါ့။ ဒီနယ်စပ်နားမှာပဲ။ လှေတစီးတွေ့တာပေါ့။ မသင်္ကာဖွယ် လှေတစီးတွေ့လို့ မြန်မာဘက်က နယ်ခြားစောင့်ရဲကနေပြီး လှမ်းတားတာပေါ့။ လှမ်းခေါ်တော့ ဟိုဘက်က လှေကနေပြီး လက်နက်ငယ်နဲ့ စပစ်တယ်။ လှေပေါ်ကနေပြီးတော့။ ပစ်တော့ ဒီဘက်ကလည်း ပြန်ပစ်တာပေါ့။”
ဒီပစ်ခတ်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ရင်းအမှတ် ၄ က ရဲဘော်တဦး ခြေဖ၀ါးမှာ သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတပုဒ်မှာတော့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။