
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ မတ် ၁၅ ရက်က လူနေအိမ်တလုံးကို ဓားပြဝင်တိုက်သွားလို့ ငွေသား ကျပ် သိန်း ၂၀၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ညနေ ၄ နာရီက အမရဌာနီအရှေ့ရပ်ကွက်၊ အကွက် ၂၂၊ ၇၆ × ၇၈ လမ်းကြား၊ ၈ × ၉ လမ်းကြားမှာရှိတဲ့ ဦးသောင်းအေးရဲ့အိမ်ကို အမှာပစ္စည်းလာပို့သူလို ဟန်ဆောင်လာသူ ၂ ယောက်က ဓားပြတိုက်သွားတာလို့ ဒေသခံ တယောက်က ပြောပါတယ်။
“မှာထားတဲ့ပစ္စည်း လာပို့သူလို ဟန်ဆောင်ပြီး ဓားပြတိုက်သွားတာ။ ကလေးတယောက်ကို ဖမ်းချုပ်ထားပြီး ငွေထားတဲ့သေတ္တာသော့ကို တောင်းပြီး သေတ္တာအတွင်းထဲက ငွေသားတွေနဲ့ ရွှေတွေကို ယူသွားတာ။ ဓားပြတွေက လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းအရွယ် ၂ ယောက်လို့ သိရပါတယ်။”
နေအိမ် ဓားပြတိုက်ခံရတဲ့အချိန် အမျိုးသမီးဖြစ်သူနဲ့ ကလေးငယ် ၃ ယောက်သာ အိမ်မှာရှိပြီး ငွေသား ကျပ်သိန်း ၂၂၀၊ ရွှေ ၅ ကျပ်သား ၂ တုံး၊ လက်ဝတ်လက်စား ရွှေထည်ပစ္စည်း ၆ မျိုးနဲ့ သွေးပြီးသား ကျောက်စိမ်းပွင့် ၅၀ တို့ကို ပါသွားပေမဲ့ လူတွေထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။
အဆိုပါဓားပြမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲတပ်ဖွဲ့က လာရောက်စစ်ဆေးထားပြီး ဓားပြတိုက်ခံရတဲ့ နေအိမ်ပတ်ဝန်းကျင်က CCTV မှတ်တမ်းတွေကို ယူဆောင်သွားပါတယ်။


