
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် ဘုရားဖြူရပ်ကွက်မှာ မျက်နှာဖုံးအုပ်ထားတဲ့ အမျိုးသမီးတယောက်က အိမ်တလုံးထဲဝင်ပြီး ဓားပြတိုက်ကာ ဆွဲကြိုးနဲ့ ငွေကြေးတွေ လုယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ မတ် ၈ ရက် ညနေ ၆ နာရီကျော်လောက်မှာ ဖြစ်ခဲ့ပြီး ပြောက်ကျားအင်္ကျီ ဝတ်ထားတဲ့ အမျိုးသမီးတယောက်က မျက်နှာကို အုပ်ထားပြီး အိမ်ထဲဝင်လာခဲ့တယ်လို့ သိရပါတယ်။
ဓားပြက အိမ်ထဲမှာရှိတဲ့သူတွေကို ဓားနဲ့ချိန်ထားပြီး ရွှေနဲ့ ငွေကြေးတွေ တောင်းယူခဲ့ကာ ဆွဲကြိုးနဲ့ ငွေကြေးတချို့ကို လုယူသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “ပြောက်ကျားအင်္ကျီဝတ်ပြီး မျက်နှာအုပ်ထားတဲ့ အမျိုးသမီးတယောက်ပါ။ အိမ်ထဲဝင်လာပြီး လူကို ဓားနဲ့ရွယ်ထားကာ ရွှေနဲ့ငွေတွေ တောင်းတယ်။ ကံကောင်းတာက အိမ်ရှင်တွေကိုတော့ ဘာမှမလုပ်ဘဲ ဓားပြက ထွက်သွားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကလည်း ဆိုက်ခေါင်ဒေသမှာ ဓားပြတိုက်မှုတခု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးဓားပြတယောက်ကို ဖမ်းမိခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုလို အမျိုးသမီးတောင် ဓားပြလုပ်ရဲလာတာက ဒီဒေသမှာ လုံခြုံရေးအားနည်းလာတဲ့ အခြေအနေကို ပြနေပါတယ်။ လူတွေကလည်း ညဘက်ဆို ပိုပြီး သတိထားနေရပြီ” လို့ သူက ဆက်ပြောပါတယ်။
အခုလို ဓားပြတိုက်မှုတွေ ဖြစ်လာတာကြောင့် ဒေသခံတွေက ရပ်ရွာလုံခြုံရေးကို ပိုပြီး သတိထားဖို့ လိုလာတယ်လို့ ပြောဆိုနေကြပါတယ်။
လက်ရှိမှာတော့ ဒီဓားပြမှုနဲ့ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကို တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ပူးတွဲအုပ်ချုပ်နေတဲ့ ဆိုက်ခေါင် စံပြကျေးရွာဟာ PNO ပြည်သူ့စစ်ရဲ့ ဗဟိုအောင်ဆုဗွေတပ်စခန်းနဲ့ ဗဟိုစစ်သင်တန်းကျောင်း တည်ရှိတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။


