
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို ဒီအချိန်မှာ မလုပ်နိုင်ရင် နောက်မျိုးဆက်တွေအနေနဲ့ တော်ရုံလုပ်ဖို့ မလွယ်နိုင်တော့ဘူးဆိုတာ အထူးသတိချပ်ဖို့လိုတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
မတ် ၁၆ ရက် ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးမိန့်ခွန်းမှာ ပြောခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် လေးလေးနက်နက် တွေးဆပြီး တန်ပြန်တုံ့ပြန်နိုင်ဖို့ အထူးလိုအပ်တယ်လို့လည်း ပြောပါတယ်။
နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က “ကျနော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို ဒီအချိန်မှမလုပ်နိုင်ရင် နောက်မျိုးဆက်တွေအနေနဲ့ တော်ရုံလုပ်ဖို့ မလွယ်နိုင်တော့ဘူးဆိုတာ အထူးသတိချပ်ဖို့ လိုပါတယ်။ ကျနော့်အနေနဲ့ စိုးရိမ်ချက်ကြီးတယ်လို့ မပြောချင်ပေမဲ့ တော်လှန်ရေးသတိဆိုတာ ပိုတယ်လို့မရှိဘူးလို့ ထင်ပါတယ်။ ဒါကို လွှတ်တော်အမတ်မင်းများအားလုံး မြော်မြင်တွေးဆနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ တော်လှန်ရေးကာလမှာ အချင်းချင်း ပုတ်ခတ်ဝေဖန်ခြင်းထက် အချင်းချင်း အပြန်အလှန် ဖေးမခြင်းကသာ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ လွှတ်တော်နဲ့ အစိုးရဟာ အပြန်အလှန် အညမည ဖြစ်ဖို့လိုပါတယ်။ ဖီလာဆန့်ကျင်မှုဟာ တော်လှန်ရေးကာလမှာ အင်မတန်မှ အရုပ်ဆိုးပါတယ်။ အခုအချိန်ဟာ ကျနော်တို့အတွက် အင်မတန်အကဲဆတ်တဲ့ အချိန်ဖြစ်ပါတယ်။ တချက်လွဲလို့ မရဘူးလို့ ယူဆပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ လွှတ်တော်အမတ်မင်းများအားလုံး နှိုင်းနှိုင်းချိန်ချိန် ပြုမူကြဖို့ အထူးမေတ္တာရပ်ခံ လိုပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီကလည်း အတုအယောင်လွှတ်တော်ကို ဖန်တီးနေပြီး နိုင်ငံတကာအသိအမှတ်ပြုမှုကို ရဖို့ ကြိုးစားနေတာကြောင့် ကြိုတင်မြော်မြင်ပြီး တုံ့ပြန်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
“အကြမ်းဖက်စစ်ကော်မရှင်ဟာ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီး အတုအယောင်လွှတ်တော်ကို ဖန်တီးဖို့ လုပ်နေပါတယ်။ အတုအယောင်ရွေးကောက်ပွဲကနေ အတုအယောင်ကိုယ်စားပြုမှုတွေနဲ့ ပြည်သူကို မျက်လှည့်ပြဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ စစ်ကော်မရှင်ဟာ နိုင်ငံတကာမှာ ရေပန်းစားတဲ့ စကားလုံးတွေကို ထည်လဲသုံးစွဲဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် အာဏာသိမ်းစစ်ကော်မရှင်ဟာ နိုင်ငံတကာအသိအမှတ်ပြုမှုကို တနည်းမဟုတ်တနည်း ရယူဖို့ကြိုးစားနေတဲ့ လမ်းစတွေ တွေ့လာရပါတယ်။ ဒါတွေကို ကျနော်တို့အနေနဲ့ သမားရိုးကျဖြစ်ရပ်လို့ မယူဆဘဲ လေးလေးနက်နက်တွေးဆပြီး တန်ပြန်တုံ့ပြန်နိုင်ဖို့ အထူးလိုပါတယ်။ အထူးသဖြင့် စစ်ကော်မရှင်ရဲ့ အတုအယောင်လွှတ်တော်ရဲ့ ဦးတည်ချက်တွေကို ကြိုတင်မြော်မြင်ပြီး လက်ဦးမှုရယူနိုင်ဖို့ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ဟာ အင်မတန်မှ အပြောင်းအလဲ မြန်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ရှေ့ဖြစ်နိုင်ခြေ အလားအလာတွေကို ကြိုတွက်ထားဖို့ လိုကြောင်း ပြောလိုပါတယ်။”
နိုင်ငံတကာလွှတ်တော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တော်လှန်ရေးအစိုးရရဲ့ ဖြစ်တည်မှုနဲ့ မြှင့်တင်ပေးကြဖို့နဲ့ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ကိုက်ညီတဲ့ လွှတ်တော် ဖြစ်အောင် ပုံဖော်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ပုံစံလိုမျိုး ဖြစ်မြောက်အကောင်အထည် ပေါ်လာရေးကို အားသွန်ကြိုးပမ်းကြဖို့ ယာယီသမ္မတက တိုက်တွန်းလိုက်ပြီး ဒီနေ့ ဒီလိုအချိန်မျိုးမှာမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို ပြတ်ပြတ်သားသား မလုပ်ဆောင်နိုင်ဘူးဆိုရင် နောင်အချိန်တွေမှာ တော်ရုံမျှော်လင့်နိုင်ဖို့ မလွယ်ကူဘူးလို့လည်း သတိပေးပြောခဲ့ပါတယ်။


