Home
မြန်မာသတင်း
စစ်ကိုင်းငလျင်ကြောင့် ပြိုကျခဲ့သည့် ဗလီများနေရာ၌ ယာယီအမိုးအကာလုပ်ပြီး ဝတ်ပြုနေရ
DVB
·
March 16, 2026
၂၀၂၅၊ မတ် ၂၈ ရက်က လှုပ်ခဲ့သည့် စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဗလီတခု။ (Photo: DVB)

စစ်ကိုင်းငလျင်ကြောင့် ပျက်စီးသွားတဲ့ ဗလီတွေ ပြန်လည်တည်ဆောက်ခွင့် မရသေးတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေဟာ ပြိုကျသွားတဲ့ ဗလီတွေနေရာမှာ ယာယီအမိုးအကာလုပ်ပြီး ဝတ်ပြုနေရတယ်လို့ အစ္စလာမ်ဘာသာဝင်တွေက ပြောပါတယ်။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ တနှစ်ပြည့်တော့မှာ ဖြစ်ပေမဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဗလီတွေကတော့ ပြန်လည်ဆောက်လုပ်ခွင့် မရသေးဘူး။

ဒါကြောင့် အစ္စလာမ်ဘာသာဝင်တွေကတော့ ပျက်စီးသွားတဲ့ ဗလီတွေနေရာမှာ ယာယီဝတ်ပြုဆောင် အသေးတွေဆောက်ပြီး ဝတ်ပြုခွင့်ပေးထားတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာတော့ သောကြာနေ့ ဝတ်ပြုချိန်တွေမှာ လူများတဲ့အတွက် ယာယီဝတ်ပြုဆောင်တွေမှာ လူမဆန့်လို့ ပျက်စီးသွားတဲ့ ဗလီဘေးမှာ ရှင်းလင်းရေးလုပ်ပြီး ကွင်းပြင်ကျယ်တွေမှာ အခင်းခင်းကာ ဝတ်ပြုကြရတယ်လို့ သိရပါတယ်။

မိုးမရွာတဲ့အချိန်တွေမှာ ကွင်းပြင်မှာ ဝတ်ပြုလို့ရပေမဲ့ မိုးရွာရင်တော့ အဆင်မပြေဖြစ်ရတယ်လို့ အစ္စလာမ်ဘာသာဝင်တွေက ပြောကြပါတယ်။

ကျေးရွာတွေဘက်က ပြိုကျသွားတဲ့ ဗလီတွေ နေရာမှာတော့ ဝါးတွေနဲ့ ဝတ်ပြုဆောင် ပြန်ဆောက်ခွင့်ပေးတယ်လို့ သိရပါတယ်။

တချို့ဒေသတွေမှာတော့ ဒေသန္တရအမိန့်အရ ယာယီဝတ်ပြုဆောင် ဆောက်တဲ့နေရာမှာလည်း ရေရှည်ခံတဲ့ သံထည်ပစ္စည်းတွေ၊ သွပ်တွေ ပေးမသုံးဘဲ ဝါး၊ ထရံနဲ့သာ ဆောက်လုပ်ခွင့်ပေးတယ်လို့ သိရပါတယ်။

ငလျင်လှုပ်ပြီးနောက် ပြိုကျသွားတဲ့ ဗလီတွေနေရာမှာ ဝတ်ပြုရတဲ့ အခြေအနေကို မန္တလေးမြို့က ဘာသာရေးခေါင်းဆောင်တယောက်က “ဖြစ်သလိုပဲ ကျနော်တို့က ဝတ်ပြုနေရတယ်။ ယာယီပေါ့ဗျာ။ အကာလေးတွေ သွပ်အမိုးလေးတွေ လုပ်တာတွေရှိတယ်။ တချို့ဆို ကွင်းလင်းပြင်ကြီးပေါ်မှာ ဒီတိုင်းပဲ မိုးရွာအစို၊ နေပူအခြောက် ဝတ်ပြုရတာတွေ ရှိတယ်။ အဲဒါတွေတော့ ကျနော်တို့က ကွင်းပြင်ကြီးတခုမှာပေါ့၊ အခု အစိုးရဆီ ပါမစ်တောင်းနေတယ်၊ အဲဒီကွင်းပြင်မှာသွားပြီး ဆုတောင်းဝတ်ပြုဖို့ပေါ့နော။ ကွင်းပြင်ဆိုတာလည်း မန္တလေးနဲ့ ၁၂ မိုင်ဝေးတဲ့နေရာ၊ အဲဒါလေး ကျနော်တို့ တင်ထားတာရှိတယ်၊ ဖြစ်သလိုလေးပေါ့။ ခက်ခက်ခဲခဲ ဝတ်ပြုရတဲ့ အနေအထားပေါ့။ ဝတ်ပြုခြင်းကတော့ ဖြစ်သလို ဝတ်ပြုရတဲ့ အနေအထားဆိုတော့ ဖြစ်သလို ဝတ်ပြုသွားမှာပါ” လို့ ပြောပါတယ်။

ဗလီတွေ ပြန်လည်ဆောက်လုပ်ခွင့် မရသေးတဲ့အတွက်လည်း အစ္စလာမ်ဘာသာဝင်တွေရဲ့  ရမ်ဇန်ဥပုသ်လ  ပြီးဆုံးချိန်မှာ အိဒ်နေ့ကျင်းပဖို့အတွက်တော့ မန္တလေးမြို့ပြင်က ကွင်းပြင်မှာ ဝတ်ပြုခွင့်ပေးဖို့ မန္တလေးတိုင်း အစိုးရဆီမှာ ခွင့်ပြုချက် တင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဗလီတွေမရှိတဲ့အတွက် အိဒ်နေ့မှာ ဝတ်ပြုဖို့တော့ အခက်အခဲတွေ ကြုံနိုင်တယ်လို့ အစ္စလာမ်ဘာသာဝင်တယောက်က‌ ပြောပါတယ်။

ဗလီတွေ ပြန်လည်တည်ဆောက်ခွင့် ရဖို့အတွက်တော့ စစ်ကောင်စီက သူတို့အစိုးရသစ်တက်ပြီး လွှတ်တော်ခေါ်နိုင်တဲ့ အခြေအနေအထိ ခွင့်ပြုလာတာ မတွေ့ရတဲ့အတွက် ဗလီတွေ ပြန်ဆောက်ခွင့်ရဖို့ မလွယ်သေးဘူးလို့ ဗလီတွေ ပြန်လည်တည်ဆောက်ခွင့်ရ‌ရေး ဆောင်ရွက်နေသူ တယောက်က ပြောပါတယ်။

“GreenLand မရှိခဲ့တဲ့ အစဉ်အဆက်ရှိနေတဲ့ ဗလီတွေကို ဆောက်လုပ်ခွင့်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်းမေးပြီး ကန့်သတ်မယ်ဆိုရင်တော့ ဒီလို မွတ်စလင်ဆန့်ကျင်ရေး အားကောင်းတဲ့ ကြံ့ခိုင်ရေးလိုပါတီက ဦးဆောင်တာ၊ စစ်တပ်ကဦးဆောင်တဲ့ လွှတ်တော် အခင်းအကျင်းမှာ ဆိုရင်တော့ ပိုပြီး အခက်အခဲ ဖြစ်လာနိုင်တယ်။ ဆောက်လုပ်ခွင့်နဲ့ပတ်သက်ပြီး အတုအယောင် ရွေးကောက်ပွဲရလဒ်နဲ့ ဖွဲ့စည်းတဲ့ အစိုးရဆီကို ရွှေ့ပြီးတော့၊ ရွှေ့သွားပြီဆိုတော့ ပိုပြီးတော့ လွယ်ကူစွာနဲ့ ရရှိလိမ့်မယ်လို့တော့ မထင်ဘူးဗျ။”

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မန္တလေးတိုင်းက ၁၇ မြို့နယ်မှာ ဗလီပေါင်း ၁၅၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၆ လုံး၊ ပဲခူးတိုင်းမှာ ၈ လုံး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂ လုံး၊ နေပြည်တော်မှာ ၁၅ လုံး ထိခိုက်ပျက်စီးခဲ့ကာ လက်ရှိအချိန်အထိ ပြန်လည်တည်ဆောက်ခွင့် မရရှိသေးဘူးလို့ ဗလီပြန်ဆောက်ခွင့်ရရေး ဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013