
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ပေါ်မှာ လူ ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ Sky Villa ကွန်ဒို ဆောက်လုပ်သူကို စစ်ကောင်စီက ပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့် တရားစွဲထားပြီလို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လကုန်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့ပေါ်၊ အောင်မြေသာစံမြို့နယ်ထဲက အထပ်မြင့်အဆောက်အအုံတခုဖြစ်တဲ့ Sky Villa ကွန်ဒို ပြိုကျခဲ့ရပြီး လူအများဆုံး သေဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
စုစုပေါင်း ၁၁ ထပ်မြင့်တဲ့ အဲဒီ Sky Villa ကွန်ဒို ပြိုကျမှုမှာ ပြည်သူ ၂၀၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရပြီး လူသေဆုံးမှုနဲ့ ဆုံးရှုံးမှုအမြင့်ဆုံးဖြစ်ခဲ့တာပါ။
အခုတော့ အဲဒီ နာမည်ကျော် Sky Villa ကွန်ဒိုကို တာဝန်ယူဆောက်လုပ်ခဲ့တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို အောင်မြေသာစံမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့်ပြီး မြို့နယ်တရားရုံးမှာ တရားစွဲထားပြီလို့ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။
“အရေးယူပြီလို့ ကြားတယ်။ အရေးယူပြီဆိုတာက တရားခံကို ဖမ်းလိုက်ပြီပေါ့နော်။ ဘယ်မှာ ထားပြီးဘယ်လို ရင်ဆိုင်နေတယ်တော့ မသိဘူး။”
လက်ရှိမှာ ဒီအမှုကို စသုံးလုံးက တိုက်ရိုက်ကိုင်တာဖြစ်ပြီး အမှုအခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့လည်း မြို့ခံက ပြောပါတယ်။
Sky Villa ကွန်ဒိုပြိုကျမှုမှာ သေဆုံးသူတွေထဲက ဆက်သွယ်လို့ရတဲ့ မိသားစုဝင်တွေကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၈ ရက်က တဦးကို သိန်း ၁၀၀ ကျပ်ဆီ လျော်ကြေးပေးခဲ့ပေမဲ့ အများစုက ကျေနပ်မှု မရှိခဲ့ပါဘူး။
အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်း နဲ့ ၂၃ လမ်းကြား ရေစစ်ကန်အနီးမှာရှိတဲ့ Sky villa ကွန်ဒိုကို ၂၀၁၇ ခုနှစ်အကုန် ၂၀၁၈ ခုနှစ်အစပိုင်းမှာ NTL ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့တာဖြစ်ပြီး တိုက်ခန်းတခန်းကို ကျပ် သိန်း ၆၅၀၀ ကျော်နဲ့ ရောင်းချခဲ့တာပါ။
စတင်ဆောက်လုပ်စဉ်နဲ့ တိုက်ခန်းတွေ ရောင်းချတဲ့အချိန်မှာ ငလျင်ပြင်းအား ၉ ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည်ရှိတယ်လို့ ပြောဆိုရောင်းချခဲ့ပေမဲ့ ပြင်းအား ၇ ဒသမ၇ အဆင့်ရှိတဲ့ စစ်ကိုင်းငလျင်ကြောင့် ကွန်ဒိုအဆောက်အအုံအားလုံး ပြိုကျပျက်စီးသွားတဲ့အတွက် လူသေဆုံးမှု အများဆုံးဖြစ်ခဲ့တာ ဖြစ်ပါတယ်။


