Home
မြန်မာသတင်း
ငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa ကွန်ဒိုတွင် ရှာဖွေရေးလုပ်ငန်းများ ရပ်နား
DVB
·
September 16, 2025
Photo: သားငယ်

မတ် ၂၈ ရက် အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့်  လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရတဲ့ မန္တလေးမြို့က  Sky Villa ကွန်ဒိုပြိုကျမှုမှာ ရှာဖွေရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

NTL ကုမ္ပဏီက ဆောက်လုပ်ထားတဲ့ အောင်မြေသာစံမြို့နယ်ထဲက ၁၁ ထပ်အမြင့်ရှိတဲ့ အဲဒီ Sky Villa ကွန်ဒိုဟာ စစ်ကိုင်းငလျင်ကြောင့် အဆောက်အအုံ အားလုံးနီးပါး ပြိုကျပျက်စီးသွားခဲ့တာပါ။

အဲဒီကွန်ကရစ်အပျက်အစီးတွေ အောက်ကနေ ရုပ်အလောင်းတွေကို မီးသတ်တပ်ဖွဲ့က ၆ လနီးပါး ရှာဖွေပြီးတဲ့နောက် ရှာဖွေရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် တယောက်က စက်တင်ဘာ ၁၅ ရက်မှာ အသိပေးခဲ့ပါတယ်။

အဲဒီ ကွန်ဒိုပြိုကျခဲ့မှုကြောင့် သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်း ၂၀၇ လောင်းကို သယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပြီး ကုမ္ပဏီဘက်က သေဆုံးသူ တယောက်ကို လျော်ကြေးငွေ ကျပ် သိန်း ၁၀၀ စီ ပေးတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ကွန်ဒိုမှာ နေထိုင်သူတွေက အဲဒီနစ်နာကြေး သိန်း ၁၀၀ နဲ့ မကျေနပ်နိုင်ဘဲ မူလတန်ဖိုးအတိုင်း ပြန်လိုချင်တယ်လို့ ပြောကြပါတယ်။

လားရှိုးမြို့ကနေ အဲဒီ Sky Villa ကွန်ဒိုမှာ အခန်းဝယ်ပြီး လာရောက်နေထိုင်သူတယောက်က “မကျေနပ်နိုင်ဘူး။ အဲဒီမှာ မိသားစုဝင် ၄ ယောက် ဆုံးပါးခဲ့ရတယ်၊ ဒီကွန်ဒိုပြိုကျမှုမှာ။ မူလအတိုင်းပဲ ပြန်လိုချင်တာ” လို့ DVB ကို ပြောပါတယ်။

ကွန်ဒိုကို ဆောက်လုပ်ခဲ့တဲ့ နိုင်ထွန်းလင်း ကုမ္ပဏီဘက်က သေဆုံးသူတွေအတွက် တယောက်ကို လျော်ကြေးငွေ (ကရုဏာကြေး) ကျပ်သိန်း ၁၀၀ စီသာပေးပြီး စက်တင်ဘာ ၈ ရက်နဲ့ စက်တင်ဘာ ၁၅ ရက် နှစ်ကြိမ်ကို သေဆုံးသူ ၁၄၆ ယောက်အတွက် လျော်ကြေးပေးအပ်ထားတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်မှာလုပ်တဲ့ ဒုတိယအကြိမ် လျော်ကြေးငွေပေးပွဲမှာ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေက ရှာဖွေရေးလုပ်ငန်းတွေ ရပ်နားလိုက်ပြီဖြစ်ပြီး တန်ဖိုးကြီး ပစ္စည်းတွေ လာထုတ်ယူကြဖို့ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ လာရောက်ထုတ်ယူဖို့ ကျန်နေတဲ့အထဲမှာ တန်ဖိုးကြီး လက်၀တ်ရတနာတွေ၊ မှတ်ပုံတင်၊ ဘဏ်စာအုပ်၊ မြေစာချုပ်နဲ့ မော်တော်ယာဥ် ၂၈ စီး၊ ဆိုင်ကယ် အစီး ၅၀ ကျော် ပါ၀င်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013