Home
မြန်မာသတင်း
မန္တလေးတွင် ငလျင်ဒဏ်သင့် အဆောက်အအုံ ၁ လုံး ထပ်မံပြိုကျ
DVB
·
May 28, 2025

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်က ငလျင်ဒဏ်သင့် အဆောက်အအုံတလုံး ဒီနေ့ မေ ၂၈ ရက် မနက် ၁၀ နာရီက ပြိုကျပြီး အရပ်သားတယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၃၉ လမ်းနဲ့ လမ်း ၄၀ ကြားက ငလျင်ဒဏ်ကြောင့် ပြိုကျထားတဲ့ ၄ ထပ်အဆောက်အအုံ ထပ်မံပြိုကျတာလို့ ဆိုပါတယ်။

မဟာအောင်မြေမြို့နယ်က ဒေသခံတယောက်က “ယိုင်နေတဲ့ အဆောက်အအုံ ပြိုကျတာဗျ။ ငလျင်ကြောင့် ပြိုကျခါနီး အဆောက်အအုံပေါ့။ ယိုင်ပြီးပြိုနေပြီ။ အဲဒါကြောင့် ပြိုကျသွားတာ” လို့ DVB ကို ပြောပါတယ်။

အဲဒီအဆောက်အအုံ ပြိုကျတာကြောင့် အမျိုးသားတယောက် ခြေထောက်ထိပြီး ဒဏ်ရာရတယ်လို့လည်း ဆိုပါတယ်။

မန္တလေးမှာ ငလျင်ဒဏ်သင့်ပြီး ပြိုကျနိုင်တဲ့ အခြေအနေရှိ အဆောက်အအုံ များစွာရှိနေပြီး ပြန်လည်ထူထောင်ရေးတွေ ကြာဦးမယ်လို့ စစ်ကောင်စီဝန်ထမ်းတယောက်က ဆိုပါတယ်။

“ပြိုကျနိုင်တဲ့ အဆောက်အအုံတွေ အများကြီးရှိသေးတယ်။ ပြန်လည်ထူထောင်နိုင်ဖို့ ကြာဦးမယ်ဗျ။ ပြီးခဲ့တဲ့လကလည်း မိုးအရမ်းရွာလို့ အဆောက်အအုံတလုံး ပြိုကျသေးတယ်။ မန္တလေးက မိုးကောင်းနေတယ်။”

တချို့အဆောက်အအုံတွေဟာ ငလျင်ဒဏ်ကြောင့် ယိုင်နဲ့နေပြီး အန္တရာယ်ရှိနေပြီလို့လည်း ဆိုပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အပြီး ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေတာပါ။

DVB က ကောက်ယူထားတဲ့ စာရင်းအရ မေ ၂၆ ရက်အထိ ငလျင်ကြောင့် သေဆုံးသူ ၄,၄၉၂ ယောက်ရှိပြီး ဒဏ်ရာရသူ ၁၁,၃၆၆ ယောက်ရှိတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013