Home
မြန်မာသတင်း
မန္တလေးတွင် ဓားပြရန်ကာကွယ်နိုင်ရေး Guardian Link စနစ်တပ်ဆင်ရန် ရွှေဆိုင်နှင့်ဘဏ်များထံမှ ကျပ် ၁၂ သိန်းတောင်း
DVB
·
May 26, 2025

မန္တလေးမှာ ရွှေဆိုင်နဲ့ ဘဏ်တွေ ဓားပြအတိုက်မခံရအောင် Guardian Link စနစ်နဲ့ ကာကွယ်သွားမှာဖြစ်ပြီး အဲဒီကုန်ကျစရိတ်အတွက် ရွှေဆိုင်နဲ့ ဘဏ်တွေက တိုင်းရဲတပ်ဖွဲ့ကို စက်ဖိုးကုန်ကျစရိတ် ၁၂ သိန်း ပေးရမယ်လို့ ရဲမှူးချုပ်ဝင်းဗိုလ်က ပြောပါတယ်။

မေ ၂၅ ရက် မနက်က မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ ပြုလုပ်တဲ့ မှုခင်းဖြစ်ပွားမှုနဲ့ တွေ့ရှိရတဲ့ အားနည်းချက်များအပေါ် ရှင်းလင်းဆွေးနွေးခြင်းနဲ့ Guardian Link စနစ်နဲ့ တရားခံတွေကို အချိန်မီ ဖမ်းဆီးနိုင်တဲ့ အစီအမံများ ဆွေးနွေးခြင်း အခမ်းအနားမှာ ရဲမှူးချုပ်ဝင်းဗိုလ်က ပြောခဲ့တာပါ။

“မန္တလေးမှာ နောက်ဆို ဓားပြမှု၊ လုယက်မှုတွေ ဖြစ်တော့မှာ မဟုတ်ဘူး။ ပိုင်ရှင်တွေဘက်က ဖုန်းထဲမှာ Guardian Link စနစ်ကိုသာ ထည့်ထားမယ်ဆိုရင် ဓားပြတိုက်တာနဲ့ ရဲကို ချက်ချင်း အဲဒီစနစ်က အသိပေးလိမ့်မယ်။ ဒါဆို ရဲက ချက်ချင်းဖမ်းနိုင်တယ်။ အဲဒီကုန်ကျစရိတ်အတွက် ရွှေဆိုင်နဲ့ ဘဏ်တွေက စက်ဖိုးကုန်ကျခံရမယ်။ စက်ဖိုးက ၁၂ သိန်း၊ လစဥ်ကြေးက တလ ၂၀,၀၀၀။”

အဆိုပါစနစ်မှာ တပ်ဆင်ထားတဲ့ စက်ကိရိယာမှာ နယ်မြေရဲစခန်းတွေနဲ့ ချိတ်ဆက်ထားပြီး အရေးပေါ်အခြေအနေ ကြုံလာပါက ချက်ချင်းအကြောင်းကြားနိုင်ကာ လုယက် ဓားပြတိုက်သူတွေကို အမြန်ဆုံး ဖမ်းမိမှာဖြစ်တယ်လို့ ရဲမှူးချုပ်က ဆက်ပြောပါတယ်။

Guardian Link Press Connect. Protect စနစ်ကို တနင်္သာရီတိုင်း ရဲတပ်ဖွဲ့က စတင်အသုံးပြုခဲ့ပြီး နည်းပညာကို အခြေခံထားတဲ့အတွက် စနစ်မှာ ကောင်းမွန်ပေမဲ့ နည်းပညာကျွမ်းကျင်မှု မရှိတဲ့ ရဲတပ်ဖွဲ့ကြောင့် တပ်ဆင်ထားသူ ပိုပြီးဒုက္ခရောက်ရကြောင်း မြိတ်မြို့နယ် အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“စနစ်က ကောင်းပါတယ်၊ ရဲစခန်းတွေနဲ့ တိုက်ရိုက်ချိတ်ထားတာ၊ ဒါပေမဲ့ ရဲတွေ စာမတတ်တော့ မသုံးတတ်ဘူး။ အဲဒီစနစ်တပ်ပြီး မြိတ်မှာ လုယက်မှုဖြစ်တော့ ဆိုင်က Guardian Link ကနေ ရဲကို အကြောင်းကြားတာ၊ ရဲစခန်းဘက်က စနစ်ကို ပိတ်ထားတော့ ဆိုင်ကပစ္စည်းတွေရော အဲဒီဆော့ဖ်ဝဲလ် ထည့်ထားတဲ့ ဖုန်းပါ လုတဲ့သူတွေက ယူသွားတာ။”

မန္တလေးတိုင်းအတွင်း ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း ရွှေဆိုင် ၁၄ ဆိုင် ဓားပြတိုက်ခံရပြီးနောက် Guardian Link နည်းပညာစနစ်ကို အသုံးပြုဖို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013