မန္တလေး၊ မဟာအောင်မြေမြို့နယ်မှာ ငလျင်ကြောင့် ပြိုလက်စတိုက်တလုံး မိုးရွာပြီးနောက် ထပ်ပြိုကျတာကြောင့် ပတ်ဝန်းကျင်ကလူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရတယ်လို့ မဏီစလ လူမှုကူညီရေးအသင်း-မန္တလေးဆီက သိရပါတယ်။
ပဲပုတ္တန်းရပ်၊ ၈၉ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားက ငလျင်ဒဏ်ကြောင့် ပြိုကျနေတဲ့တိုက်တလုံးဟာ မေ ၂၁ ရက် မနက် ၂ နာရီကျော်မှာ မိုးရွာပြီးနောက် ထပ်ပြိုကျခဲ့တာပါ။
ဒါကြောင့် အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ လူနေအိမ်တွေက လူတွေ၊ ပစ္စည်းတွေကို ဘေးလွတ်ရာ ဖယ်ထုတ်ရွှေ့ပြောင်းပေးခဲ့တယ်လို့ မဏီစလ အသင်းက ဆိုပါတယ်။
မေ ၁၈ ရက်ညကလည်း မန္တလေး၊ စိန်ပန်းရပ်ကွက်၊ အဘယာရာမရွှေကူကျောင်းတိုက်ထဲက ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းမှာ ကုက္ကိုလ်ပင်တပင် မိုးရွာပြီးနောက် အမြစ်ကနေလဲကျပြီး ကယ်ဆယ်ရေးတဲပေါ်ပိတာကြောင့် ငလျင်ဒဏ်သင့်သားအဖ ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။