Home
မြန်မာသတင်း
မန္တလေး အင်းဝဘဏ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်
DVB
·
May 26, 2025

တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ စျေးချိုတော်နဲ့ နာရီစင်အနီးက အင်းဝဘဏ်မှာ မေ ၂၅ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်ကြပ်ကြီးတယောက် သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက် ၈၄ လမ်းနဲ့ ၂၆ လမ်းထောင့်ရှိ အင်းဝဘဏ်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်သားအချင်းချင်း စကားများရာက အပြန်အလှန် ပစ်ခတ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“စစ်သားတွေ အပြန်အလှန်ပစ်ကြတာ၊ စျေးရော၊ ဘဏ်ရော ခဏပိတ်ထားရတယ်။ ခဏနေတော့ လူနာတင်ယာဥ်တွေ ရောက်လာတယ်။ ဒဏ်ရာရလား သေလားတော့ မသိဘူး။”

အင်းဝဘဏ်မှာ လုံခြုံရေးယူနေတဲ့ အဖွဲ့ခေါင်းဆောင် တပ်ကြပ်ကြီးနဲ့ တပ်သားတယောက်တို့ စကားများရာကနေ တပ်သားက သေနတ်နဲ့ အကုန်လုံးကို လိုက်လံပစ်ခတ်ခဲ့တာလို့ လပခနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ပစ်တဲ့ရဲဘော်ကလည်း ခံစားချက်နဲ့ တပ်ကြပ်ကြီးက ရသမျှအကုန်ယူပြီး တပ်သားတွေကို ခွဲမပေးဘူး။ ပြောရရင် ဝေစုခွဲရင်း စကားများကြတာ။ တပ်သားက နာကြည်းချက်နဲ့ အကုန်လုံးကို လိုက်ပစ်တာ။ တပ်ကြပ်ကြီးသေတယ်၊ ဒုတပ်ကြပ်တဦး ဒဏ်ရာရတယ်။ ပစ်တဲ့တပ်သားက ထွက်ပြေးသွားတယ်။”

ပစ်ခတ်မှုဖြစ်ပြီးနောက် ဒဏ်ရာရရှိတဲ့ တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ်တို့ကို တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ နန်းတွင်းစစ်ဆေးရုံကို ပို့ဆောင်ခဲ့ရာ တပ်ကြပ်ကြီးမှာ သေဆုံးသွားပြီး ဒုတပ်ကြပ်မှာ ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးကုသမှု ခံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

လတ်တလောမှာ သေနတ်နဲ့ပစ်ခတ်တဲ့တပ်သား ထွက်ပြေးလွတ်မြောက်နေပြီး အောင်မြေသာစံ မြို့နယ်အတွင်း ပိတ်ဆို့ရှာဖွေနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013