
စစ်ကိုင်းငလျင်ဖြစ်ရပ်ဆိုးမှာ ထိခိုက်သေဆုံးမှုများခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုကို တာဝန်ယူ ဆောက်လုပ်ခဲ့တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီရဲ့ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို တရားစွဲထားတဲ့အပေါ် ထိုက်တန်တဲ့ အရေးယူမှုရရှိဖို့ နစ်နာသူမိသားစုဝင်တွေက လိုလားနေကြပါတယ်။
စစ်ကိုင်းငလျင်မှာ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုကို တာဝန်ယူဆောက်လုပ်ခဲ့တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီရဲ့ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို အောင်မြေသာစံမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ပုဒ်မ ၃၀၄ (က) အမှုဖွင့်ပြီး မြို့နယ်တရားရုံးမှာ တရားစွဲထားတယ်လို့ နစ်နာသူ မိသားစုဝင်တွေဆီကနေ သိရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် Sky Villa ကွန်ဒိုမှာ သေဆုံးခဲ့တဲ့သူ ၂၀၆ ယောက်အထိ ရှိခဲ့တာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာတော့ သေဆုံးသူတွေအတွက် တယောက်ကို ကျပ် သိန်း ၁၀၀ နှုန်းနဲ့ ကုမ္ပဏီဘက်က နစ်နာကြေးပေးခဲ့ပါတယ်။
အဲဒီနစ်နာကြေးကိုတော့ သေဆုံးသူတချို့ရဲ့ မိသားစုဝင်တချို့သာ ယူခဲ့ပြီး အများစုကတော့ အဲဒီနစ်နာကြေးကို လက်မခံခဲ့ကြပါဘူး။
Sky Villa ကွန်ဒိုပြိုကျမှုမှာ သားဖြစ်သူ သေဆုံးခဲ့တဲ့ ဖခင်တယောက်ကတော့ ထိရောက်တဲ့ တရားမျှတမှုနဲ့ ထိုက်တန်တဲ့လျော်ကြေး ပေးဆောင်မှသာ ကျေနပ်မယ်လို့ ပြောပါတယ်။
“သူတို့က ဒီသိန်း ၁၀၀ နဲ့ ကိုယ်လွတ်ရုန်းမဲ့သဘောဆိုတာ ငါတို့ကမြင်တယ်။ အဲဒါကြောင့် ငါတို့က မယူတာ။ တရားမျှတမှုအတွက် တောင်းဆိုချင်တာပေါ့။ ငါတို့ရဲ့ဆုံးရှုံးမှုတန်ဖိုးက ဖြတ်လို့မရဘူးလေ။ အဓိက သူတို့က ရိုးသားမှုမရှိတာလည်း ပါတယ်။ အဲဒါကြောင့် တော်တော်များများပေါ့လေ မကျေနပ်နိုင်ဘူးပေါ့၊ အဲလိုဖြစ်နေတာ။ လိုအပ်တဲ့ ပြင်းပြင်းထန်ထန် အရေးယူမှု သို့မဟုတ် မျှတသော လျော်ကြေးပေးမှု အဲလိုပေးမှသာ တို့က ကျေနပ်နိုင်မှာလေ။”
အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား ရေစစ်ကန်အနီးမှာရှိတဲ့ Sky villa ကွန်ဒိုအဆောက်အအုံကို ၂၀၁၇ ခုနှစ်အကုန် ၂၀၁၈ ခုနှစ်အစပိုင်းမှာ NTL ကုမ္ပဏီက ငလျင်ဒဏ်ခံနိုင်တဲ့ Pile Foundation အသုံးပြုပြီး တည်ဆောက်ခဲ့တာလို့ ကြေညာပြီး တိုက်ခန်းတခန်းကို သိန်း ၆,၅၀၀ ကျပ် အထက်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ဦးနိုင်ထွန်းလင်းကို ပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့်ထားပေမဲ့ စခန်းကနေ အာမခံနဲ့ အပြင်ထွက်နေတယ်လို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ဒီအပေါ်မှာ DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ပျက်စီးသွားတဲ့ ကွန်ဒိုဖျက်တဲ့ သံချောင်းတွေ ရောင်းတဲ့ငွေ၊ AYA Bank က အာမခံထားတဲ့ ငွေပမာဏရဲ့ တဝက်နဲ့ တိုင်းအစိုးရကချပေးတဲ့ ကွန်ဒိုပြန်လည်ဆောက်လုပ်ဖို့ ပေးတဲ့ ထောက်ပံ့ကြေးငွေတွေ ပြန်ရပေမဲ့ တိုက်ခန်းပိုင်ရှင်တွေကို ကုမ္ပဏီဘက်က မဆက်သွယ်ဘူးလို့ တိုက်ခန်းပိုင်ရှင်တယောက်က ပြောပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အဆောက်အအုံတချို့ ငလျင်ဒဏ်ခံခဲ့ရပြီး ငလျင်လှုပ်ပြီး ရက်ပိုင်းအကြာမှာပဲ အဆောက်အအုံကို တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေ တရားစွဲခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာတော့ ငလျင်လှုပ်ပြီး တနှစ်နီးပါးအကြာမှာမှ ပထမဆုံးအနေနဲ့ NTL ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင်ကို တရားစွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
တရားဥပဒေကြောင်းအရဆိုရင်တော့ NTL ကုမ္ပဏီပိုင်ရှင်ကို တရားစွဲဆိုတဲ့အမှုဟာ နစ်နာသူတွေ ကျေနပ်တဲ့ လျော်ကြေးနဲ့ ထောင် ၇ နှစ်ချတဲ့အထိ အပြစ်ပေးနိုင်တယ်လို့ ဥပဒေပညာရှင်တယောက်က သုံးသပ် ပြောပြပါတယ်။
“ကန်ထရိုက်တာဆိုတဲ့ တရားစွဲဆိုခံရတဲ့သူနဲ့ ပတ်သက်တဲ့သူတွေ ဒီတယောက်တည်းမဟုတ်ဘူး၊ ဘယ်သူတွေပါသေးလဲ၊ နောက်တိုးတရားခံတွေအဖြစ်နဲ့ ရုံးတော်မှာ ထပ်လျှောက်လို့ရသေးတယ်။ သူတို့က ထိုက်တန်တဲ့လျော်ကြေး ပေးပါမယ်၊ ကျနော်တို့ကို တရားမစွဲပါနဲ့တော့၊ တရားမကြောင်းလည်း မစွဲပါနဲ့တော့ ဘာညာဆိုရင်တော့ စေ့စပ်ပြေငြိမ်းလို့ရတယ်။ သို့သော် အခုဖွင့်ထားတဲ့အမှုကိုကျတော့ နိုင်ငံတော်က ခွင့်ပြုချက်ရမှ ပြေငြိမ်းလို့ရတယ်။ ကတိအာမခံချက်တွေနဲ့ အဆောက်အအုံဆောက်ပြီး ရောင်းစားထားတယ်၊ ဘာတခုမှ အဲဒီကတိအတိုင်း မဟုတ်ဘဲ ဒီလို လူတွေသေဆုံးတဲ့အပေါ်မှာ တရားစွဲဆိုခြင်းက နောက်တောင်ကျပြီ။ ပြစ်မှုကြောင်းရော တရားမကြောင်းရော တရားစွဲရမှာ၊ ဥပဒေကြောင်းအရ မှန်တယ်။”
Sky Villa အဆောက်အအုံလိုပဲ လူအများအပြားသေဆုံးခဲ့တဲ့ ဂရိတ်ဝေါဟိုတယ်မှာလည်း နစ်နာသူ မိသားစုဝင်တွေကို သေဆုံးသူတယောက်ကို ငွေကျပ် သိန်း ၆၀ ပေးခဲ့ပေမဲ့ တချို့တဝက်သာ အဲဒီနစ်နာကြေးကို လက်ခံယူခဲ့ပါတယ်။
နစ်နာသူ မိသားစုတွေ အနေနဲ့ကတော့ ထိရောက်တဲ့ တောင်းပန်မှုနဲ့ ထိုက်တန်တဲ့လျော်ကြေးရဖို့ မျှော်လင့်ပေမဲ့ တရားမျှတမှုပြန်ရဖို့တော့ ယုံကြည်ချက် မရှိဘူးလို့ မိသားစုဝင်တွေ သေဆုံးခဲ့ပြီး ကျန်ရစ်တဲ့ နစ်နာသူ မိသားစုဝင်တယောက်က ဆိုပါတယ်။
“စိတ်ပိုင်းဆိုင်ရာရော ငွေရေးကြေးရေးပိုင်းဆိုင်ရာရော ကိုယ့်ရဲ့ အချိန်ကုန်မယ်၊ ပိုက်ဆံကုန်မယ်၊ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေမှာဆိုလို့ရှိရင် ပိုက်ဆံရှိတဲ့သူက နိုင်တဲ့သူဖြစ်နေတာ။ အခု သိန်း ၆၀ ပေးတဲ့အခါမှာဆိုရင် အားလုံးက လိုလိုလားလားနဲ့ ယူကြတာလေ။ အဲဒါကို ကြည့်ခြင်းအားဖြင့် အမတို့က တရားစွဲဖို့ သူတို့ကို ဘယ်လိုမှ စည်းရုံးလို့မရဘူးလေ။ စတရားစွဲပြီဟေ့ စပြီဟေ့ဆို ပိုက်ဆံစထုတ်ရတော့မှာ၊ အမှုဖွင့်မယ်ဆိုရင်လည်း တရားရုံးရဲ့ result ကို သိနေပြီလေ၊ ကျမတို့က ရှုံးမှာပဲလေ။”
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၈ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြီးကြောင့် နိုင်ငံအနှံ့က လူပေါင်း ၃,၈၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
သီရိ


