Home
မြန်မာသတင်း
ကုလလူ့အခွင့်ရေးကောင်စီအစည်းအဝေး၌ မြန်မာ့အရေး ဆွေးနွေး၊ တွမ်အန်ဒရူးစ် တာဝန်ပြီးဆုံး
မြတ်နိုးအောင်
·
March 16, 2026
Photo: UN Human Rights Council

ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး မကြာခင်မှာ သူ့ရဲ့ တာဝန်ပြီးဆုံးတော့မယ်လို့လည်း သိရပါတယ်။

သူ နောက်ဆုံးတင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာစစ်အုပ်စုဆီ ငွေကြေး၊ လက်နက်နဲ့ တရားဝင်မှုတွေ မရောက်ရှိစေရေး တားဆီးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ကူညီပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းထားပါတယ်။

ဥရောပသမဂ္ဂ(EU)ကလည်း ပြီးခဲ့တဲ့ ၆ နှစ်တာကာလအတွင်း  သူ့ရဲ့ လုပ်ဆောင်ချက်တွေအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပိုမိုဆိုးရွားလာတာကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့ မစ္စတာ အန်ဒရူးစ်ဆီက များစွာ မျှော်လင့်ခဲ့ရသလို သူဟာ အကျိုးသက်ရောက်မှုရှိတဲ့ ညီလာခံစာတမ်းတွေ အပါအဝင် မျှော်လင့်ထားတာထက် ပိုမိုလုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

EU အနေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို အပြည့်အဝလေးစားဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအားလုံးအတွက် တာဝန်ခံမှုရှိစေဖို့လည်း တောင်းဆိုထားပါတယ်။

မကြာသေးခင်က နိုင်ငံရေးအကျဉ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပေးတာတွေကို ကြိုဆိုပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် မတရား ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ ဆက်လက် တောင်းဆိုလိုက်သလို စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေဖို့ ရည်ရွယ်ပြီး လွတ်လပ် တရားမျှတမှုမရှိတဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို လက်မခံ ပယ်ချကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

EU အနေနဲ့ ဒီလုပ်ပိုင်ခွင့်ကို ဆက်လက် ပံ့ပိုးပေးသွားမဲ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM) အပါအဝင် တခြားသော ကုလသမဂ္ဂယန္တရားတွေကိုလည်း ဆက်လက်ထောက်ခံသွားမယ်လို့ ဆိုပါတယ်။

အမေရိကန်ကွန်ဂရက်လွှတ်တော် အမတ်ဟောင်းဖြစ်တဲ့ တွမ်အန်ဒရူးစ်ဟာ မစ္စယန်ဟီးလီတာဝန်က ပြီးဆုံးပြီးနောက် ၂၀၂၀ ပြည့်နှစ်ကနေ စတင်ကာ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တာပါ။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းကနေ လက်ရှိအချိန်အထိ ကာလတွေအတွင်း မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ် အပေါ် ဆန့်ကျင်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို စနစ်တကျ စောင့်ကြည့်မှတ်တမ်းတင်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရလက်ထက် လူ့အခွင့်အရေးအခြေအနေတွေ ဆက်လက်ဆိုးရွားလာတာကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ ၁၉၉၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူတွေကို ခန့်အပ်ခဲ့ပြီး တွမ်အန်ဒရူးစ် ကတော့ ၆ ဦးမြောက် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013