
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ခရီးစဉ်အတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တဲ့အကြောင်း The Sun Daily သတင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်က ဖော်ပြပါတယ်။
မလေးရှားနိုင်ငံနဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေ ခိုင်မာစေဖို့ ရည်ရွယ်တဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ၂ ရက်တာ လာရောက်ခဲ့တဲ့ ခရီးစဉ်မှာ မြန်မာ့အရေးအပေါ် ဘုံရပ်တည်ချက်တွေ အပါအဝင် ၂ နိုင်ငံကြား ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ ခရီးသွားလာရေး စတဲ့ကိစ္စရပ်တွေမှာပါ ကဏ္ဍစုံမှာ မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစွာ တည်ဆောက်နေကြတယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးအပေါ် ရပ်တည်ချက်မှာတော့ ဒေသတွင်း ပြဿနာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် ၂ နိုင်ငံစလုံးက ကတိကဝတ်ပြုထားတဲ့အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောပါတယ်။
“အိန္ဒိယက မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၁,၆၄၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်ပြီး မလေးရှားကလည်း ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းကျော်ကို လက်ခံထားရတဲ့ နိုင်ငံဖြစ်တယ်” လို့ ဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် ဒီခရီးစဉ်နဲ့ ပတ်သက်လို့ “ပြီးခဲ့တဲ့နှစ်က မြှင့်တင်ခဲ့တဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ မကြာသေးမီက ခရီးစဉ်က ပိုမိုခိုင်မာစေခဲ့တယ်” လို့လည်း ပြောပါတယ်။
ဒါဟာ ဝန်ကြီးချုပ် မိုဒီရဲ့ မလေးရှားဆီ တတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သလို ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ၂ နိုင်ငံဆက်ဆံရေးကို ‘ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး’ အဖြစ် မြှင့်တင်ပြီးတဲ့နောက် ပထမဆုံးခရီးစဉ်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။


