
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီဟာ ဖေဖော်ဝါရီ ၇ ရက်မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ဆီ ရောက်လာပါတယ်။
မလေးရှားနိုင်ငံနဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေ ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အတွက် မလေးရှားဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ရောက်လာတာပါ။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မိုဒီကို ကြိုဆိုခဲ့ ပါတယ်။
ခေါင်းဆောင် ၂ ယောက်ဟာ အနီရောင်ကော်ဇောပေါ်မှာ မလျှောက်မီ အပြန်အလှန်ပွေ့ဖက်ခဲ့ပြီး အရာရှိတွေ၊ အလံဝှေ့ယမ်းနေတဲ့ ကျောင်းသားတွေနဲ့အတူ ယဉ်ကျေးမှုဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ကြပါတယ်။
အိန္ဒိယနဲ့ မလေးရှားတို့ဟာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေး၊ ဒစ်ဂျစ်တယ်နဲ့ ဘဏ္ဍာရေး နည်းပညာ အပါအဝင် နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ကြိုးပမ်းနေချိန်မှာ အခုခရီးစဉ် ပေါ်ပေါက်လာတာပါ။
မိုဒီနဲ့ အန်ဝါတို့ဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ၂ နိုင်ငံဆွေးနွေးပွဲတွေ ကျင်းပဖို့ မျှော်လင့်ထားပါတယ်။
“အိန္ဒိယနဲ့ မလေးရှားအကြား သမိုင်းဝင်ဆက်ဆံရေးဟာ မကြာသေးမီနှစ်တွေ အတွင်း တည်ငြိမ်တိုးတက်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ ကျနော်တို့ ဆွေးနွေးပြီး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမြှင့်တင်ဖို့ မျှော်လင့်ပါတယ်”လို့ မိုဒီက ပြောပါတယ်။
ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့၊ စီးပွားရေးနဲ့ ဆန်းသစ်တီထွင်မှု မိတ်ဖက် ဆက်ဆံရေးကို မြှင့်တင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို နယ်ပယ်အသစ်တွေဆီ တိုးချဲ့ဖို့ ရည်ရွယ်ပါတယ်လို့လည်း ကြေညာချက်ထဲမှာ ထပ်လောင်းဖော်ပြထားပါတယ်။
ဒါဟာ ဝန်ကြီးချုပ် မိုဒီရဲ့ မလေးရှားဆီ တတိယအကြိမ်မြောက် ခရီးစဉ်ပါ။ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ၂ နိုင်ငံဆက်ဆံရေးကို ‘ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး’ အဖြစ် မြှင့်တင်ပြီးတဲ့နောက် ပထမဆုံးခရီးစဉ်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Source: Reuters


