
အီရန်ဒရုန်းရန်ကို ကာကွယ်ဖို့ ယူကရိန်းဆီက အကူအညီယူတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီကနေ ငွေကြေးနဲ့ နည်းပညာပြန်လိုချင်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မတ် ၁၅ ရက်မှာ ပြောပါတယ်။
ယူကရိန်းရဲ့ အဆင့်မြင့်ဒရုန်းတွေကို “ယူကရိန်းရေနံ” လို့ တင်စားခဲ့ပြီး အမေရိကန်နဲ့ ဒေါ်လာ ဘီလီယံ ၃၅ ကနေ ၅၀ အထိ တန်ဖိုးရှိတဲ့ ပူးပေါင်းထုတ်လုပ်ရေးစာချုပ် လက်မှတ်ထိုးချင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် အမေရိကန်က ယူကရိန်းအရေးကို လျစ်လျူရှုသွားမှာကိုလည်း ယူကရိန်းက စိုးရိမ်နေပါတယ်။
အရှေ့အလယ်ပိုင်း စစ်ရေးကြောင့် ယူအေအီးမှာ ကျင်းပမဲ့ ရုရှား၊ ယူကရိန်း၊ အမေရိကန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းလိုက်ရပါတယ်။
တဖက်မှာလည်း ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားကို ရုရှားရေနံ ပို့ပေးနေတဲ့ ပိုက်လိုင်းကို ပြန်ဖွင့်ပေးဖို့ ဥရောပမဟာမိတ်တွေက ယူကရိန်းကို အကျပ်ကိုင်နေတယ်လို့ ဇလန်းစကီးက စွပ်စွဲလိုက်ပါတယ်။
"ဥရောပက မိတ်ဆွေတွေက ပိုက်လိုင်းပြန်မဖွင့်ပေးရင် လက်နက်မပေးဘူးဆိုတဲ့ အခြေအနေမျိုး ပေးလာရင်တော့ ဒါဟာ အကျပ်ကိုင်တာပါပဲ” လို့ ဇလန်းစကီးက ဆိုပါတယ်။
“ယူကရိန်းကို လက်နက်တွေ မပေးတော့ဘူးဆိုတဲ့ အခြေအနေမျိုး ဖန်တီးလာရင်တော့ ဒီကိစ္စမှာ ကျနော် ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ အကျပ်ကိုင်တာပဲလို့ ဥရောပက ကျနော်တို့ မိတ်ဆွေတွေကို ပြောခဲ့ပါတယ်” လို့ ဇလန်းစကီးက ပြန်ပြောပြပါတယ်။
ယူကရိန်းကို ဖြတ်သန်းပြီးတော့ ရုရှားရေနံစိမ်းကို ဥရောပသမဂ္ဂကို ပြန်ပို့မယ်ဆိုရင် မော်စကိုအပေါ် စီးပွားရေးအရ အရေးယူမှုတွေ ရုပ်သိမ်းပေးလိုက်သလို ဖြစ်သွားမယ်လို့ ဇလန်းစကီးက ထောက်ပြပါတယ်။
လောင်စာပြတ်လပ်မှုကို ဖြေရှင်းဖို့ အမေရိကန်က ရုရှားရေနံအပေါ် ပိတ်ဆို့မှု ဧပြီ ၁၁ ရက်အထိ ယာယီဖြေလျှော့ပေးခဲ့တဲ့အပေါ်ကိုလည်း ယူကရိန်းဘက်က လုံးဝမထောက်ခံဘူးလို့ ဆိုပါတယ်။
ဒီလိုပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တာဟာ ကမ္ဘာ့တည်ငြိမ်ရေးမှာ ရုရှားက မပါမဖြစ် အရေးပါတယ် ဆိုတာကို ပြသနေတယ်လို့ ရုရှားဘက်က ထုတ်ပြန်ထားပါတယ်။
Source: Reuters


