
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက မတ် ၁၅ ရက်မှာ ဗီဒီယိုမက်ဆေ့ဂျ်အတို ထုတ်ပြန်ပြီးတော့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သူသေပြီဆိုတဲ့ AI ဗီဒီယိုကိစ္စ မဟုတ်မမှန်တဲ့အကြောင်း ကောလာဟလတွေကို ဖြေရှင်းခဲ့ပါတယ်။
ဂျေရုစလင်မြို့ အပြင်ဘက် ကော်ဖီဆိုင်တဆိုင်မှာ ကော်ဖီပူပူတခွက်ကို ကိုင်သောက်ပြရင်းနဲ့ “ကျုပ်တော့ ကော်ဖီအတွက် သေဆုံးသွားပါပြီ” လို့ လှောင်တဲ့လေသံနဲ့ တုံ့ပြန်ခဲ့ပါတယ်။
ဟီဘရူးစကားအသုံးအနှုန်းအရ ကော်ဖီကို အသေအလဲကြိုက်တယ်လို့ ဆိုလိုတာဖြစ်ပြီး သေပြီဆိုတဲ့ သတင်းကို လှောင်လိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီနောက်မှာ လက်ကို ကင်မရာရှေ့ မြှောက်ပြပြီးတော့ “လက်ချောင်းတွေရော ရေကြည့်ချင်သေးလား” လို့ ထပ်ပြောခဲ့ပါတယ်။
သူ့နောက်ဆုံးရုပ်သံမိန့်ခွန်းမှာ လက်တဖက်မှာ လက်ချောင်း ၆ ချောင်း ရှိနေသလို ဖြစ်နေတဲ့အတွက် AI နဲ့လုပ်ထားတဲ့ ဗီဒီယိုအတုကြီးလို့ လူမှုကွန်ရက်ပေါ်မှာ ကောလာဟလ ပျံ့နှံ့ခဲ့တာကို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
နေတန်ယာဟုက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရတဲ့အချိန်မှာ ဘေးကင်းရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့လည်း အစ္စရေးနိုင်ငံသားတွေကို တိုက်တွန်းခဲ့ပါတယ်။
“လက်ရှိမှာ ကျုပ်ပြောပြလို့ မရသေးတဲ့ အရာတွေ လုပ်နေပါတယ်။ ကျုပ်တို့ အီရန်ကိုရော လက်ဘနွန်ကိုပါ ပြင်းပြင်းထန်ထန် တိုက်နေတယ် ဆိုတာပဲ ပြောလို့ရပါသေးတယ်” လို့ နေတန်ယာဟုက ဆိုပါတယ်။
အီရန်အပေါ် အစ္စရေးနဲ့ အမေရိကန်က တိုက်ခိုက်တဲ့ စစ်ပွဲ တတိယအပတ်ထဲ ဝင်လာတဲ့ မတ် ၁၅ ရက်မှာ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က နေတန်ယာဟုကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
“ဒီလူသာ အသက်ရှင်နေဦးမယ်ဆိုရင် ကလေးတွေကိုသတ်တဲ့ လူသတ်သမား နေတန်ယာဟုကို ရှာဖွေသတ်ဖြတ်သွားမယ်လို့ IRGC ကကြွေးကြော်ထားတယ်” လို့ အီရန်သတင်းဌာန IRNA ရဲ့ X လူမှုကွန်ရက်ပို့စ်မှာ ဖော်ပြထားပါတယ်။
Source: Reuters


