
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ စစ်ပွဲစတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ မတ် ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ အီရန်ရဲ့ အဓိပတိခေါင်းဆောင်သစ်ကို လုပ်ကြံ သတ်ဖြတ်မယ်ဆိုတဲ့ သဘောမျိုးသွယ်ဝိုက်ခြိမ်းခြောက်လိုက်ပြီး အမေရိကန်နဲ့ ပူးပေါင်းကာ အီရန် ကို စစ်ရေးတိုက်ခိုက်မှုလုပ်ရပ်အပေါ် ခုခံကာကွယ် ပြောသွားပါတယ်။
သီတင်း ၂ ပတ်နီးပါးကြာ အမေရိကန်နဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်ဟာ အရင်လို မဟုတ်တော့ဘူးလို့ နေတန်ယာဟုက ပြောပါတယ်။
တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ အင်အားကြီးစစ်တပ်အဖွဲ့ဖြစ်တဲ့ (IRGC) အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်နဲ့ ဘာဆိဂျ်လက်နက်ကိုင်အဖွဲ့တွေ အတော်လေး အထိနာခဲ့တယ်လို့ လည်း ဆိုပါတယ်။
အစ္စရေးအလံ ၂ ခုကြားမှာ ရပ်ပြီး ဗီဒီယိုလင့်ခ်ကတဆင့် မေးခွန်းတွေကို ဖြေကြားရာမှာ နေတန်ယာဟုက လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာအဖွဲ့ကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့ဟာ စစ်ပွဲအစမှာ အီရန်ခေါင်းဆောင်ကြီး အသတ်ခံရမှုကို လက်တုံ့ပြန်ပြီး မတ် ၂ ရက်ကတည်းက အစ္စရေးကို စတင်ပစ်ခတ်ခဲ့တာပါ။
အစ္စရေးက အီရန်ခေါင်းဆောင်အသစ် မိုဂျ်တာဘာခါမေနီနဲ့ ဟက်ဇ်ဘိုလာခေါင်းဆောင် နာအီးမ် ကက်ဆမ်ကို ဘယ်လို အရေးယူဆောင်ရွက်ဖို့ရှိလဲလို့ မေးမြန်းရာမှာ နေတန်ယာဟုက “အကြမ်းဖက် အဖွဲ့ခေါင်းဆောင်တွေကို ဘယ်သူ့ကိုမှ အသက်အာမခံမပေးပါဘူး။ ကျနော်တို့ ဘာလုပ်မယ် ဆိုတာ ကို ဒီနေရာမှာ အတိအကျ မပြောလိုပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အီရန်နဲ့ ဟက်ဇ်ဘိုလာတို့ဟာ အရင်တုန်းကလောက် ခြိမ်းခြောက်မှု မပေးနိုင်တော့ဘူးလို့ အစ္စရေး ခေါင်းဆောင်က ဆိုပါတယ်။
ဒါ့အပြင် သူနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်တို့ဟာ နေ့တိုင်းလိုလို ဖုန်းပြောဖြစ်ကြပြီး သူတို့ ကြားမှာ ပွင့်လင်းလွတ်လပ်စွာ ပြောဆိုကြတယ်လို့လည်း နေတန်ယာဟုက အတည်ပြု ပြောကြား သွားခဲ့ပါတယ်။
Source: Reuters


