
အီရန် အဓိပတိခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရတဲ့ မို့ဂျ်တာဘာခါမေနီကို သစ္စာခံမှာ ဖြစ်ကြောင်း အီရန်သမ္မတ၊ စစ်တပ်နဲ့ တော်လှန်ရေးအစောင့်တပ် (IRGC) အပါအဝင် နိုင်ငံရေးနဲ့ စစ်ရေးခေါင်းဆောင်တွေက ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မခံနိုင်ဘူးလို့ ပြောထားတဲ့ ကွယ်လွန်သူ ခေါင်းဆောင်ကြီး အလီခါမေနီရဲ့ သားဖြစ်သူ မို့ဂျ်တာဘာကို ရွေးချယ်လိုက်တာဟာ အညံ့မခံဘူး ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
ဘာသာရေးဆရာ ၈၈ ယောက် ပါဝင်တဲ့ ပညာရှင်များညီလာခံကနေ မတ် ၈ ရက်မှာ အတည်ပြု ရွေးချယ်ခဲ့တာပါ။
သန်းခေါင်ကျော်အချိန်မှာ “အဆုံးအဖြတ်မဲအရ၊ ပညာရှင်များ ညီလာခံသည် အယာတိုလာ ဆာယက်မို့ဂျ်တာဘာ ဟိုစိန်ခါမေနီအား အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ မြင့်မြတ်သောစနစ်၏ တတိယမြောက်ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်သည်”လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အီရန်လုံခြုံရေးအကြီးအကဲ အလီလာရီဂျာနီက “လက်ရှိလို အကဲဆတ်တဲ့ အခြေအနေမှာ မို့ဂျ်တာဘာ အနေနဲ့ နိုင်ငံကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်”လို့ နိုင်ငံပိုင်ရုပ်သံကနေ ပြောကြားခဲ့ပါတယ်။
သူသဘောမကျဘူးလို့ ခေါင်းဆောင်သစ်ခန့်အပ်မှုနဲ့ ပတ်သက်ပြီး Fox News ရဲ့ မေးမြန်းမှုမှာ ထရမ့်ပ်က ထပ်ပြောထားပါတယ်။
အီရန်နိုင်ငံမြို့တော်မှာ အစ္စရေးက ရေနံစက်ရုံတွေကို တိုက်ခိုက်ခဲ့လို့ အဆိပ်ငွေ့တွေ လွှမ်းမိုးသွားပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်နဲ့ အစ္စရေးတို့က ဆက်လက်ဗုံးကြဲနေတာကြောင့် ကွမ်နဲ့ တီဟီရန်မြို့တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် လေထုထဲကို အဆိပ်ငွေ့တွေ ပျံ့ကုန်ပြီး လူတွေအတွက် အသက်အန္တရာယ်ရှိတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ထားပါတယ်။
မီးခိုးငွေ့တွေကြောင့် နေကိုတောင် မမြင်ရတော့ဘူးလို့ ဒေသခံတွေက ပြောဆိုနေကြပြီး အာဏာပိုင်တွေကလည်း ပြည်သူတွေကို အိမ်ပြင်မထွက်ကြဖို့ သတိပေးထားပါတယ်။
ပဋိပက္ခမှာ ကျဆုံးသွားတဲ့ စစ်သားတွေကို သမ္မတ ထရမ့်ပ်က ဂုဏ်ပြုစကားပြောကြားပြီး နောက်တနေ့မှာပဲ ၈ ယောက်မြောက် အမေရိကန်စစ်သား သေဆုံးကြောင်း ထပ်မံအတည်ပြုခဲ့ပါတယ်။
အီရန်ရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် ဆော်ဒီအာရေဗျနိုင်ငံ အယ်လ်ခါ့ဂျ်မြို့မှာ လူ ၂ ယောက် သေဆုံးခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံမှာလည်း အစ္စရေးတပ်ဖွဲ့တွေနဲ့ ဟစ်ဇ်ဘိုလာတို့ အပြန်အလှန် ပစ်ခတ်နေကြတာကြောင့် လူပေါင်း ၅ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။


